မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, November 28, 2009

သောကခြေရာ ၅

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်။

အဆင် ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ငြိုယင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်။

သံယောဇဉ် ခွေကာရစ်ပေမယ့်
ပြန်ပြောရင် ဝေဒနာ ဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လည်း စိတ်ညစ်တယ်
သိပ်ချစ်တယ်လို့ မဆိုသာတော့။

ပါးစပ်က ပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တဝဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့။ ။


မမ SDL က မေးလို့ ပြန်တင်ထားပေးတယ်နော်။ ပြန်ဖတ်မိမယ်ထင်ပါတယ်။ မေလေးက ဆရာ့ကဗျာတွေကို ဒုတိယအကြိမ်ထုတ်မှာ ဖတ်ဖူးတာပါ။ ခု တခါ ပြန်ဖတ်ရတော့ ဆယ်ကြိမ်မြောက်တဲ့။ ကူးလည်းကူးထားဖြစ်တဲ့ ကိုယ်တိုင်လည်း ရူးတဲ့ ကဗျာတွေကို ချစ်တော့ ကိုယ့်လို ကဗျာချစ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Sunday, November 22, 2009

ရတနာ ၂

ရှိစေချင်သည်...
နားလည်မည့်သူ၊ အပူကိုမျှ
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ
စကားချိုမြွက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည့်နူး၊ နေဖူးချင်သည်...
သူက မေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက် မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်...
သူနှင်မည့်နေ့၊ တနေ့နေ့ကို
ရွေ့ရွေ့ဖြတ်သန်း၊ လမ်းအဆုံးတည့်
မသိမဟုတ်၊ ထိန်းချုပ်ကင်းမဲ့
လျှောက်ခဲ့ပြီလား၊ စကားပြောဖော်
ခံစားဖော်ဖြစ်၊ သူစိတ်ညစ်မလား
ဖြစ်ခဲ့သည့်ဝန်၊ ကိုယ်အလွန်ချည်း
နစ်ကျွံလင့်မျှော်၊ နားလည်သော်မှ
အဖော်တစ်သက်၊ မခေါ်ရက်ပါ
ပျော်လျက်ပျော်ရာ နေပါစေ...
သံယောဇဉ်များ
စကားအကြည့်၊ တွယ်ငြိထပ်ထပ်
ဖြေလျှောဖြတ်ခက်၊ လပ်ဟာမွတ်သိပ်
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်
မပြန်ချင်မိ၊ ရှိစေချင်သည်...
နားလည်မည့်သူ၊ အတူတကွ
အပူမျှလျက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည်နူး၊ နေဖူးလိုက်ချင်
စိတ်ကူးယဉ်သည် ... ။


ဆရာမောင်စိန်ဝင်(ပုတီးကုန်း)ရဲ့ကဗျာလေးပါ။ ခုလောလောဆယ်တော့ ကိုယ့်ရင်တွင်းနဲ့ ဒီကဗျာ အစပ်အဟပ်တည့်နေလို့ ဆရာ့ကဗျာကိုပဲ တင်ထားလိုက်ပါတယ်။ နောက်လည်း ဆရာ့ကဗျာများကို ဖြစ်နိုင်ရင် နည်းနည်းစီ တင်ဖြစ်ပါဦးမယ်။ ကဗျာလာအားပေးသော ချစ်မောင်နှမများ။ သူငယ်ချင်းများ ကျန်းမာပျော်ရွှင်ပါစေ။ အချိန်မရှိသေးတဲ့ မေလေးကိုလည်း နားလည်ပေးနေတာကို ကျေးဇူးတင်ပါတယ်နော်။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Wednesday, November 11, 2009

အိမ်ပြန်ချင်တယ်

သမီးလက်ကို ဆွဲ
အဖြူအစိမ်းလေးနဲ့ တွဲလို့
အမေ ကျောင်းကိုပို့တော့
ငိုတယ်.....
အမေ.....အိမ်ပြန်ချင်တယ်။
ဝမ်းစာရှာ အစုစု
အမေနဲ့ အတူပြုရင်း
နေပူရိပ် စပ်ခါး
မနားရသမျှ
ခဏခဏ ပူဆာ
အမေ.....အိမ်ပြန်ချင်တယ်။
ပြန်ချင်လျက် အပြန်ခက်ခဲ့တဲ့
ဒီအချိန် စိတ်ကူးလေး
ရိပ်ရိပ် လူး ထူးတဲ့ ဒီပင်လယ်ထဲ
တက်ကုန်နဲ့ ရွက်စုံဖွင့်
မာနခါးခါးတွေကို
မျက်ရည်နဲ့ ရောချ
ဩချ ရလောက်အောင်လည်း
အမေ့သမီး မောဟ များခဲ့ပါတယ်။
ခေါင်းမငုံ့စတမ်း အန်တု
ရန်ပြုစရာတွေကိုလည်း
မာန်မနုနေဘဲ ပြန်ရှုနေခဲ့ဖူးတယ်။
ပြန်ချင်လျက် အပြန်ခက်နေတဲ့
အမေ့သမီးလေ.....
ဒီအချိန် အိမ်ကပြင်လေး
နေဝင်ရင် သာယာသံတေး
ကြားမယ်မထင်ဘဲ
နားလည်း မဆင်နိုင်တဲ့ ဒီအဝေးကနေ
အမေ..... အိမ်ပြန်ချင်တယ်။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

ခဏလေး ငှားပါ။

ချစ်သူ
ခေါ်ချင်သူ အမျက်မဖြေတော့
ရက်တွေ ကော့ပျံနေအောင်လည်း
ငါ လွမ်းဖူးပါတယ်။
ချစ်သူ
မျှော်နေသူ အလွမ်းတွေ နင့်နေတော့
ကျွမ်းနှင့်သူ ရက်တွေထဲ
ငါ မျှော်မှန်းဖူးတယ်။
ချစ်သူ
သူမတူအောင် ချစ်ခဲ့တာကိုတော့
ပြစ်ဖွဲ့ကာ ရည်ဆို
သေဆိုလည်း ငါ သေနေတတ်ခဲ့ပါတယ်။
ချစ်သူ
တဖွဖွ ခေါ်သံကြား
ပြန်လာမလားရယ်လို့
ငါ တမ်းတဖူးတယ်။
ချစ်သူ
နေပါကွယ်
ပျော်ရာမှာ တော်သလိုနေ
ခေါ်မနေချင်တော့ပါဘု
အပူမိတာ ဘယ်သူမြင်
ဘယ်ရင် ဘယ်လိုကျွမ်းတယ်လို့
လွမ်းစာတွေလည်း ဖွဲ့မနေဖြစ်တော့
ချစ်သူရဲ့ ခပ်သဲ့သဲ့ အပြုံးလေး
(မသုံးဖြစ်ရင်)
ယဲ့ယဲ့လေး အသုံးဝင်အောင်လို့
တဒင်္ဂဖြစ်ဖြစ် ငှားစေချင်ပါတယ်။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, November 10, 2009

ကျောက်တုံးတစ်တုံးရဲ့.......

ငါလည်း လွမ်းတတ်သားပဲ
မလှုပ်မယှက်နဲ့
မသိသလို ငြိမ်သက်
တကယ်တော့ ငါ ခေါင်းမတ်နေခဲ့တာပါ။
ခဏလေး မှေးတင်
သူ့မေးဖျားလေးမှာ
ဖွဖွလေးပြုံးအောင်
ငါ ရင်ကော့ထားခဲ့တာပေါ့။
ခပ်ဖိဖိလေးပဲ ထိုင်ထိုင်
ခပ်နိုင်နိုင်ပဲ ဆောင့်ဆောင့်
သူ့အတွက်ဆို ငါ
ရင်ဘတ်ကြီးတွေတောင် အောင့်လို့
ကျောတောင့်အောင် ရပ်နေဦးမှာပါ။
ငါ့ကိုယ်ပေါ် ချနင်း
သူ့ခြေကျင်းဝတ်လေးကို
ငါ့နားမှာ တွတ်တီတွတ်တာ
သူ့စကား လေသံသာကို
ငါ့ဘေးမှာ ထိုင်ငေး
သူ့မျက်ရည်ထွေးထွေးကို
ငါလည်း လွမ်းတတ်သားပဲ။
ညတွေမှာ ပင်လယ်လှိုင်းတွေ အပြေးတွေ့
ထွေးပွေ့ချင်စရာပေမယ့်
သမုဒယကို ကြိုးချည်
တယုတယကို ရိုးရည်ခဲ့တာပါ။
သူ့ကို မျှော်လျက်
အခေါ်လည်း ခက်သမို့
သူ မသိပေမယ့်
လူလည်း မပီခဲ့တဲ့
ငါလေ...
ခပ်မတ်မတ် ရပ်နေပေမယ့် လွမ်းတတ်ပါတယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

မျှော်လင့်ချက်

ရေးချင်တာ ရေးထားဖို့
နှလုံးသားဆိုတာ
စာရွက်ပြင်ကျယ်ကြီးမှ မဟုတ်တာ
ရေးပြီး ပြန်ဖျက်လို့ရတဲ့
အလွယ်သုံး ကျောက်သင်ပုန်းလည်း
မဟုတ်ခဲ့ဘူးလေ။
အနီရောင်တွေ တထပ်ပြီး တထပ် ထေး
စွန်းရေးခဲ့တာ ခဏ မကတော့ဘူး။
ဒီအရာတွေ ပြေဖို့
ခဲဖျက်၊ မင်ဖျက်တွေ ထပ်ဆွေးသွားမယ်။
ပျောက်ပျက်လိမ့်မယ်လို့တော့
နဂိုတိုင်း ပြန်ရဖို့
ဟန်ပြလေးတောင် ငါ မမြင်ပါဘူးကွယ်။
လွမ်းနေတတ်ရုံနဲ့
ဒီငရဲခန်းက လွတ်မယ်တဲ့လား
စမ်းတဝါးဝါးပေမယ့်
မျှော်လင့်ချက်တွေ ဆက်ရှေ့
မနက်အသစ်တွေကို
တို့တွေ အတူမွေးဖွားမယ်။
ဟိုးးးးးခပ်ပျပျမှာ
အထပ်ထပ် မွနေတဲ့
ခပ်ဖွဖွ အပြုံးတွေ ရှိတယ်။
လာ တူတူ လျှောက်မယ်။
ရောက်တဲ့နေရာ ကိုယ်စီပိုင်ဖို့
ငါတို့ အတူ ရှိမယ်။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်