မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, September 28, 2009

ရင်ကွဲပက်လက် စက်တင်ဘာ

ကြည့်စမ်း
ခွါသံ တဖြောင်းဖြောင်း
ရင် ဟောင်းလောင်း နဲ့
ထုတ်ချင်းဖောက်အောင် မှောင်နေတဲ့ ည။
ဘယ်လိုပဲ ချွေးသိပ်....သိပ်
သွေးကတော့ မတိတ်သေးဘူး။
ဒီလမ်းပေါ် သူတို့ရောက်တယ်။
ဒီလမ်းပေါ် သူတို့ပျောက်တယ်။
ရွှေဝါရောင် သင်္ကန်း
လွှမ်းလို့ဖြင့် သူတို့ ခြုံ
မေတ္တာတွေ အဟုန်နဲ့ သူတို့
စစ်ဖိနပ်တွေ
ပစ်ခတ်ရပ်စေဖို့
သူတို့ အေးငြိမ်း မေတ္တာပို့တယ်။
ကွယ် ဘယ်မှာလဲ ကိုင်းရှိုင်းမှုတရား
လက်ကိုင်တုတ်စေရာ
ဥာဏ်မကူဘဲ လိုက်ပါ
အမိုက်တကာ့ အမိုက်သား
ဒီငရဲက လွတ်မလား။
စက်တင်ဘာက ခဏနေ
ပြုတ်ကျတော့မယ်။
အသစ်ဝင် အဟောင်းထွက်
စက်တင်ဘာတွေ တထပ်ပြီး တထပ်
ဘယ်လိုချွေးသိပ်....သိပ်
ခုထိတော့ သွေးမတိတ်သေးဘူး။



(၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးသို့)