မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, February 19, 2010

ပန်းငုဝါ

မခူးချင်စမ်းပါနဲ့
အလှ မထူးပါဘူး
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ယိမ်းလှည့် ပွင့်ချင်။
ဘယ်သူ လာခူးပါလိမ့်
မျှော်လို့ဖြင့် သူ မနေ
တော်ဝင်နွယ် မဖြစ်လေတော့
သာသာယာ ပင်မြင့်ထက်မှာပဲ
မွှေးပျံ့အလှဆင်။
တိုင်းနယ် အနှံ့နှံ့မှာလ
ကိုင်းတည်းရယ် မပွင့်ချင်ဘု
မြင်တဲ့သူ အဖန်ငေးအောင်က
ပင်လုံးပွင့်ဝေ။
နှစ်ဦးခါမီ မြန်မကြာ ပွင့်ချင်ပါတဲ့
အသွေးတူ ပန်းတော်ဝင်ရယ်နဲ့
မရောက်ခင် အလျင်ဦးပါလို့
ပင်ယံထက် အပွင့်ထူးနေ။
ပွင့်သည်သာ ပွင့်သည်ပဲ
အပွင့်များလို့ ပန်း ဟုံ
ခပ်သာသာ ငေးကာ ငေးရင်း
ပန်းရယ်လို့ ခူးမယ့် လက် ရုန်။
မရာ မကြည် သာသည်ပေမယ့်
တစ်ရာသီတော့ဖြင့် ပွင့်ခွင့်ရသည်မို့
မယ်ငု ရင် ပျော်လေရစ်တယ်
မမော်ရဲ ပင်ယံထက်မှာ
ခေါင်းငုံ့လျက် ရဲ။

နွေဦးကို ခပ်ပါးပါးလေးကြိုနေရပြီမို့ ရေးဖြစ်ထားတာပါ။ ကျန်းမာပျော်ရွှင်ကြပါစေ။

စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, February 13, 2010

၉၅ နှစ်ပြည့် အဖေ့မွေးနေ့သို့

အဖေ
ဒီနေ့ဟာ အဖေရှိမယ်ဆိုရင် အဖေ့အသက် ၉၅ နှစ်ပြည့်မွေးနေ့ပါအဖေ။
အဖေ.... အဖေ့ကို သူတို့ဘယ်လိုမေ့မေ့
အဖေမွေးပေးခဲ့တဲ့ အဖေချပေးခဲ့တဲ့ ဒီမျိုးဆက်တွေကတော့ ဘယ်တော့မှ မမေ့ပါဘူးအဖေ။
ဒီနေ့လေးမှာ အဖေ့ကို မကွေးခရိုင် နတ်မောက်မြို့ နယ်လေးတစ်ခုမှာ မွေးခဲ့တာတဲ့။
အဖေ့မွေးရပ်မြေက မြေပုံပေါ်မထင်ရှားပေမယ့် အဖေ့စိတ်ထား၊ အဖေ့သတ္တိကတော့ ကမ္ဘာကျော်ခဲ့တာပါပဲ။
အဖေချပေးခဲ့တဲ့ လမ်းစဉ်တွေပေါ် လျှောက်သူလျှောက် ပျောက်သူပျောက် ဖြစ်နေတုန်းပါပဲ အဖေ။
အဖေက သွေးစည်းစေချင်လို့ သွေးနဲ့ရင်းခဲ့တဲ့ ဒီမြေထဲ အဖေချစ်တဲ့ အဖေ့သားသမီးတွေ နေခွင့် သိပ်မရခဲ့ကြဘူး။ တချို့လည်း မြေထဲကိုရောက်တယ်။ တချို့လည်း လေထဲမှာပျောက်တယ်။ တချို့လည်း ရေခြားနေရတာပါပဲအဖေ။
အဖေက သူ့ကျွန်မခံချင်လို့ တိုင်းတပါးမှာ စစ်ပညာသွားသင်တယ်။
အဖေ့သားသမီးတွေကတော့ ကိုယ့်ကျွန်ကိုယ်ပြန်ခံနေရလို့ တိုင်းတပါးမှာ တံတိုင်းခြားနေနေရတယ်အဖေ။
အဖေက ၁၉၄၇ မှာ လက်ပါးစေတစ်စုကြောင့် ဘဝတပါးပြောင်းတယ်။ အဖေ့သားသမီးတွေက အဖေမရှိတော့တဲ့ ၁၅နှစ်အကြာမှာ တစ်ခါ၊ ၄၁ နှစ်အကြာမှာတစ်ခါ၊ ကြားထဲမှာလည်း စစ်အေးတိုက်ပွဲတွေအခါခါနဲ့ တိုင်းပြည်ကိုခွါ တိုင်းတပါးပြောင်းရတယ် အဖေ။
ခဏခဏမေ့တတ်ကြတဲ့အရာတွေထဲ အဖေ ဘယ်တော့မှ မပါဝင်ပါဘူးအဖေ။
ဘယ်သူမှ တိုက်တွန်းနှိုးဆော်စရာမလိုဘဲ အမြဲတမ်း သတိရနေပါတယ် အဖေ။
ဒီနေ့ဆို အဖေမွေးနေ့ကို ကမ္ဘာ့ကလေးသူငယ်များနေ့ အဖြစ် မှတ်မှတ်ရရ ဖြစ်အောင် ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားပြီးပြီ အဖေ။ ကလေးတွေ သားသမီးတွေကို ချစ်သောအဖေ၊ သားသမီးတွေ ကလေးတွေကို လွတ်လပ်ပျော်ရွှင်စေချင်သောအဖေ၊ အဖေ့အတွက် ရည်စူး ဒီနေ့မှာ အထူးအမှတ်ရစရာတွေ လုပ်ပေးနေကြဦးမှာပါ အဖေ။ ပြီးတော့ အဖေချပေးခဲ့တဲ့ ဒီလမ်းပေါ် မဆုတ်မနစ်လျှောက် အဟုတ်လမ်းဖောက်နေဦးမှာပါပဲအဖေ။ လွတ်လပ်ရေးကို ရှေးရှု၊ အဖေအစပြုခဲ့တဲ့ ဒီစိတ်ဓါတ်တွေလည်း ဆက်လက်ခိုင်မာနေဦးမှာ သေချာပါတယ်အဖေ။
အဖေသာ နောက်တခါ ပြန်လာမယ်ဆို အသေအချာ ပျော်ရင်းမျှော်နေကြမှာက ဟောဒီက သားသမီး။ အဖေ့ကလေးတွေပါပဲ အဖေ။
အဖေ ကောင်းရာသုဂတိလားပါစေ။ ရောက်ရာဘုံဘဝမှာ မွန်မြတ်တဲ့အသက်နဲ့ အဖေ ရှင်သန်နိုင်ပါစေ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, February 12, 2010

ပြည်ထောင်စုနေ့



မနေ့တနေ့ကလိုပဲ
ဒီနေ့ကို ရောက်ခဲ့ရတာ
အခေါက်အတက်ရုန်း
ခြောက်ဆယ့်သုံးခါတောင်ရှိပြီလေ။
မြေပြန့်နဲ့ တောင်ပေါ်
အကြောင်းအချက်မပေါ်အောင် ညှိဖို့
ပင်လုံမှာ ပုံစံချ
၇ ချက်ကလေးနဲ့ ဆက်ရေးခဲ့တယ်။
ကြီးငယ်လူ မဟူ အကျိုးညီကြောင်း
ဒီနေ့နဲ့ အခိုင်အမာ သက်သေပြခဲ့တယ်။
လွတ်လပ်ရေးရဖို့လမ်းစ
သွေးစည်းဖို့ကို ဒီနေ့က မွေးဖွား
စိတ်ဓါတ်တွေ အားမာန်ပွားခဲ့ရတယ်။
ကိုယ်မမီပေမယ့် ကိုယ်သီခဲ့ရတဲ့ ဒီနေ့ကြိုးထဲ
ဝဲရင်း ဝဲရင်း စုပ် မြုပ် ပါ
ဒီနေ့ဟာ ဒီနေ့မှန်း
သိပ်တောင် မသိလိုက်ရသလိုပဲ။
ပြည်ထောင်စုနေ့အခမ်းအနား
လမ်းသလားနေတာ ကြာပြီ။
အရမ်းတရားတွေ မှန်းများနေခဲ့တာလည်း
ကြာပြီလေ။
ဒီနေ့ကို မှတ်မှတ်ရရ ကျော်မသွားတာကိုက
ကျေးဇူး အနန္တ(ဆိုရမလိုလို)
တခုတ်တရ မဟုတ်ပေမယ့်
လုပ်ပေးနေသေးသလောက်လေး
အရုပ်ရေးနေကြရတာက
ပြည်ထောင်စုဖွားများ။
စိတ်မှာ တွေးဖန်
အမှန်သရုပ်တွေနဲ့ မျှော်မှန်း
ပြည်ထောင်စုအသံ
ကြွေးကြော်သံ ညံမစဲကာမှ
ဟန်နဲ့ မာန် မနည်းလိုက်ပါနဲ့
ဆက်လျှောက်မည့်လမ်း။။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်