မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, December 27, 2010

အရောင်တွေနဲ့ ရေးတဲ့ကဗျာ











ကင်းဘတ်ဖြူ တချပ်
ဆေးတစ်ခွက်နဲ့
စုတ်ချက်တွေဆီ သွားမယ်။
အာရုံကိုနောက်ခံ
အပြောက်နဲ့ အကြည်
အပီနဲ့ အလင်း
ထင်းနေတဲ့ အမှောင်တွေကြား
လျားလျားညီအောင် မြင်ရမယ်။
အထင်ကရ အရိပ်တွေထဲ
အတိတ်တွေလည်း မျောပါ ..... ဗလာဆိုတာလည်းရှိ
သမ္ဘာတွေလည်း မထိတထိလေ။
ခေါင်းညိမ့် ခေါင်းခါ လက်ပြ ပြုံးဖို့ ဝေးလို့
ဟန်ပြတွေလည်း သုံးစရာမလို
ဆေးစက်တွေထဲကို ဝင်
စုတ်ချက်နဲ့ အသက်ရှင်
ပြေ... ရင့် ... ဖျော့ ... ပြင်း ..
စင်းနေအောင် ဝပ်ဆင်း
စာတစ်လုံးမှ မခင်းဘဲနဲ့
အရောင်တွေနဲ့ အသက်သွင်း
ဟော.. ဒါ လည်း ကဗျာပါပဲ....။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Sunday, December 19, 2010

၁၉၉၇ ခုနှစ် ကာလတခုဆီက

အိပ်ရေးမဝတဝ မျက်လုံးကို ပွတ်ပြီး အမြန်ထ ရသေးသည်။ အမေ ဘယ်ရောက်နေလဲ။ သြော်... ညီမလေးတွေ နားမှာပဲ။ နေဦး ဒီနေ့ ဘာလုပ်ရမှာပါလိမ့်။ ရေချိုးသွားရင် အချိန်မီမှာ မဟုတ်တော့ဘူး။ ဒီတိုင်းပဲ သွားတော့မယ်။ အမေက အိပ်နေရင်းနဲ့ သမီး ထမင်းကြမ်းစားမှာလား။ ကောက်ညှင်းပေါင်းလေး ဝယ်စားပါလားလို့ လှမ်းပြောသည်။ အမေက စားစေချင်ပေမယ့် ကောက်ညှင်းပေါင်း တပုံ ငါးကျပ်က ကိုယ့်တွက် ထမင်းတထုပ်ရသည်။ ဆန်တစ်ဗူးစာ မပြည့်တပြည့်ရသည်။ ဆားအိုးထဲက ဆားခပ် လက်ဖဝါးပေါ်ပုံ ညာလက်ညှိုးနဲ့တို့ ပါးစပ်ထဲထည့်ပြီး သွားတိုက်လိုက်သည်။ (အင်း သူတို့တွေ တိုက်တဲ့ သွားတိုက်ဆေးက ဘယ်လိုနေပါလိမ့်)
တက်သုတ်ရိုက် မျက်နှာသစ်ပြီး ပဝါနဲ့သုတ်.. ဟော လက်က နာရီဟောင်းလေးထဲ (၇)နာရီထိုးတော့မည်။ အမေကို ပါးစပ်က နှိုး၊ လက်က ထမင်းကြမ်းထည့် ဆားဖြူး ပြီး လွေးဖို့ တဆက်တည်း လုပ်ရသည်။ ပြီး အမေ့ကို နှုတ်ဆက်ရင်း ခေါင်းဆံပင်ကို သားရေကွင်းနဲ့ ဖြီးစည်းလိုက်သည်။ အမေ..သနပ်ခါးကုန်နေပြီ။ နေဦး မနက်ဖြန်လောက်တော့ လိမ်းလို့ရသေးတယ်။ ညနေ အဲဒီသနပ်ခါးသယ် လာရင် နှစ်ကျပ်ဖိုးလောက် ဝယ်ထားပေးနော်။ သမီးက မီးနဲ့ တနေကုန် နှစ်ပါးသွားနေတာ။ ခုလောက်လူးထားရင် ညနေဆို မရှိတော့ဘူး။ နော်အမေ...။လို့ လှမ်းပြော လက်က သနပ်ခါးခွက်(အမေပြောတော့ အဲဒါ ကြေးခွက်ဆိုပဲ..ကိုယ်တို့သိတာ အမေဝယ်လာတဲ့ သနပ်ခါးစက်သွေးဖတ်တွေ ထည့်ထားလို့ သနပ်ခါးခွက်ပဲ၊ ဟုတ်တယ်လေ ကြေးရောင်မှ မမြင်ရတာ) ကို နှိုက်ပြီး မျက်နှာပေါ်ကို ဘဲကျားမကအောင် ထူထူလိမ်းရသေးသည်။
အမေရေ သွားပြီနော်။ ရေမခပ်နေနဲ့ဦး။ သမီးဖြည့်ထားတယ်။ အဝတ်တွေလည်း လျှော်မနေနဲ့ဦးနော်။ အလုပ်ပိတ်ရက်မှ လျှော်မယ်။ ဟို အငယ်မကို ဆန်ဝယ်ဖို့ နှိုးတော့နော်။ အမေတစ်ယောက်တည်း ကသီနေမယ်.. လို့ ပါးစပ်က ပြောပြောပြေးပြေးလုပ်ပြီး ခြေထောက်တွေက သိပ်လည်း မဝေး သိပ်လည်း မနီးတဲ့ အလုပ်ကို သွားဖို့ ထွက်ရပြီ။ လူကြီးခြေလှမ်းနဲ့ဆို ဒါ ဘယ်နှလှမ်းပဲ လှမ်းရမှာပါလိမ့်။ ကလေးခြေလမ်းဆိုရင်ရော။ နေပါဦးး.. ငါက လူကြီးလား ကလေးလား ဘာလဲ။ လူကြီးမဟုတ်သေးဘူးထင်တယ်။ ငါ့ခြေထောက် ဒီလောက်မြန်တာ.. အဲဒီအန်တီတော့ မပြောလောက်ပါဘူး။ ဟူးးးးးး။အိပ်ရာထလည်း အမြန်။ မျက်နှာသစ်လည်း အမြန်၊ စားလည်းအမြန်၊ ခု သွားလည်းအမြန်၊ ဟိုရောက်ရင်လည်း လက်ကအမြန်လုပ်ရဦးမယ်။ အားလုံးအမြန်လုပ်နေရတာ။ သေရင်ေ၇ာ .. ဟုတ်သားပဲ သေတာကျတော့ နှေးနေတာပဲလား။ အဖေပြောတော့ ငါ့ကို မွေးတုန်းက မွေးရာပါ ရောဂါသည်မို့ ပိုက်ဆံနဲ့လူ ချိန်ရင် ပိုက်ဆံက ပိုလေးတယ်တဲ့။ ဘာလို့ မသေတာလဲ။ ခု မသေရင်လည်း နောက်သေမှာပဲဟာ..။ အဲဒီတည်းက သေလိုက်ပြီးရော..။
ကျွီ..။ ဟင် ကားဘရိတ်အုပ်သံပဲ။ ဟဲ့ကလေးမ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကူးယဉ်နေလား။ သေတော့မလို့ ......အော်သံတွေ ညံသွားသည်။ ကြောင်တောင်တောင်လှည့်ပြီး ကားရှင်းမှ လမ်းကူးလိုက်သည်။ သေမှာ တွေးနေတာတောင် မသေရသေးဘူးနော်။ မဟုတ်သေးဘူးလေ.. သေချင်နေတော့ရော ဘာဖြစ်လို့လဲ...နင့်ဘယ်သူ ရိုက်နေလို့လဲ .. ကိုယ့်ကိုယ်ကိုယ် မေးပြီး ဘယ်သူမှ မရိုက်နေပါဘဲ ကိုယ်က ဘာလို့ သေချင်နေရတာလဲ။ သေရင် ငြိမ်းချမ်းသည်။ အပူတွေ ဝေးမည်။ ထပ်ဆုံဦးမည့် လောကဒုက္ခတွေကို ကင်းမည်။ ဒါပဲ။ အဲဒါကြောင့် သေချင်တာ။
ဟိုတွေးဒီတွေးနဲ့ အလုပ်ကို ရောက်လာသည်။ အမလေး လဲ့လဲ့ဝါ ဒီလောက်နောက်ကျရလား။ နင်တို့ ဒါကြောင့် ဒီလို ဖြစ်နေတာ..။ ဒီအန်တီက အသက်ဖြင့်မကြီးသေးဘဲနဲ့ ဘာလို့ ဒီလောက် မြည်တွန်နေတာလဲ မသိဘူး။ အလုပ်သမားက ငါပဲ ရှိတာကို။ (သိတယ်ဟုတ် စိတ်ထဲက ပြောလိုက်တာ) ရောက်တာနဲ့ သူတို့ လှီးဖြတ်ထားတဲ့ မုန့်ဗန်းကို ယူပြီး အပေါ်ထပ် တက်ခဲ့လိုက်သည်။ အလုပ်ရှင်အန်တီက ပလတ်စတစ်အိတ်တွေ မယူသွားဘူးလားလို့ မေးတာကို မနေ့က အကျန် အပေါ်မှာ ရှိသေးတယ်လို့ ဖြေရင်း မုန့်ဗန်းထဲက မုန့်တွေကို မျက်နှာလွှဲလိုက်ရပြန်သေးသည်။ ဒါလား မလိုင်ခဲ... ဂျုံမှုန့်ကို သကြားနဲ့ ရေထည့်ဖျော်ပြီး နို့မဖြစ်စလောက်လေးပဲ ထည့်ကျို ခဲအောင်လုပ်ထားတာကို မလိုင်ခဲတဲ့ ။ အရင်တုန်းက သိပ်ကြိုက်ခဲ့ဖူးတဲ့ မလိုင်ခဲမုန့်ကို ခုချိန်မှာ မြင်တောင် မမြင်ချင်တော့။ အင်းလေ မမြင်ချင်ရင်လည်း ကြည့်ပြီး လုပ်နေရမှာကိုက င့ါအလုပ်ပဲ။ သေချာထည့်ဦးမှပဲ။ မဟုတ်ရင် ငါ့ကို အခုရေ လျော့တယ်ပြောနေဦးမယ်။
လက်က စက်ရုပ်လို ဘယ်ဖက်က ပလတ်စတစ်အိတ်အဝကို ပွတ်ရင်းဖွင့်၊ ညာဖက်က မုန့်ကို နေရာကျအောင် အိတ်ထဲစီထည့်၊ ထည့်ပြီးတဲ့ မုန့်အိတ်ကို ညာဖက်လက်က ပစ်ချတာနဲ့ ဘယ်ဖက်လက်က နောက်အိတ်အသစ်ယူတာ တချိန်တည်း။ ဇက်ဆက်သလိုဆိုတာမျိုး။ မီးပုံးတော့ မလုပ်သေးဘူး။ မုန့်တွေ ကုန်မှ မီးထည့်တော့မယ်။ မဟုတ်သေးဘူးလေ။ ခဏနေ။ ဒီနားက ကလေးတွေ ကျောင်းသွားတော့မယ်။ ငေးလိုက်ဦးမှ။ .......
အလုပ်လုပ်နေရာ အရှေ့က ဝရံတာကလေးဆီ လှမ်းလိုက်ပြီး အောက်က (ဒီမလိုင်မုန့်ရုံက လမ်းကြားလေးတခုထဲမှာရှိတာလေ) အိမ်ကလေးတွေဆီက အလျှိုလျှိုထွက်လာလိုက်၊ ပြန်ဝင်သွားလိုက် အချင်းချင်းအော်ခေါ်လိုက် လုပ်နေကြတဲ့ အဖြူအစိမ်းဝတ်တွေကို ငေးမိသည်။

‘…အင်း သူတို့က ငါနဲ့ ရွယ်တူလည်းပါ၊ ငါ့ညီမလေးနဲ့ မောင်လေးအရွယ်တွေ လည်း ရှိ၊ ငါ့ထက်ကြီးတဲ့သူတောင် ရှိသေးတယ်။ သူတို့တက်သလို ငါလည်း တက်ချင်လိုက်တာ… ငါ့ကို အမေက ပြောသားပဲ။ နောက်နှစ်တက်ပေါ့တဲ့။ ဒီရှစ်တန်းအောင်ပြီး ကိုးတန်းတက်ရမှာက ဒီလိုပဲ တစ်နှစ်အောင့်လိုက်လို့ ရလို့လား။ စာတွေက ငါ မေ့သွားမှာလား။ ငါ့ထက်ငယ်တဲ့သူတွေနဲ့ တူတူတက်ရမှာပေါ့၊ အမ်.. ငါလည်း နှစ်ကျ မဟုတ်ဘဲနဲ့။ အိုး ငါ ဘာတွေးနေတာလဲ… ကျောင်းက နေရဦးမလား မနေရတော့ဘူးလား မသိသေးဘဲနဲ့….. အင်းးးး မနေရတော့ဖို့ များပါတယ်.. ဒီပုံစံအတိုင်းဆိုရင်….အမေက ကလေးမွေးဦးမယ်။ အဖေက ပြန်လာပါဦးမလား … ဟူးးးးးးးး…..’

အဲဒီလို ငေးကြည့်ရတာလည်း ဘယ်နေ့များမှ ပြီးမယ်မသိဘူး။ ငါလည်းနော်………

ဝရံတာကနေ အထဲကို ပြန်ဝင်လာ ကိုယ့်နေရာမှာ လုပ်လက်စ အလုပ်ကို ဆက်လုပ်ရသည်။ မုန့်တစ်ဗန်းကုန်ပြီ… နံရံထောင့်မှာ ကပ်ထားသော မီးပုံး (သံနဲ့လုပ်ထားတဲ့ ၆ လက်မအရှည်၊ ၃ လက်မလောက် အကျယ်ရှိပြီး ၈ လက်မလောက် အမြင့်ရှိတဲ့ လေးထောင့်ပုံ မီးဖိုအသေးစားလေး)ကို ကိုင်းက ကိုင်ပြီး အောက်ထပ်ဆင်း၊ မလိုင်မုန့်ကျိုနေတဲ့ ကောင်လေး(ကိုယ်နဲ့ ရွယ်တူပါပဲ) ဆီကနေ သူ့မီးဖိုက မီးကျီခဲကို ယူပြီး မြေအောက်ခန်းလို လုပ်ထားတဲ့ မီးသွေးလှောင်ကန်ထဲကို ဆင်းပြီး မီးသွေးယူရသည်။ တော်သေးသည်။ မီးသွေးအသစ်ဝယ်ဖြည့်ကာစမို့ မီးသွေးတုံးတွေ မကြေနေဘဲ ကောင်းနေသည်။ မီးသွေးကုန်ခါနီးလျှင် ၎င်းမီးသွေးကန်ထဲက မီးသွေးအမှုန် အကြေတွေ ကို ဇကာနဲ့တိုက်ယူ ပြီး ဇကာပေါ်တင်ကျန်နေသော မီးသွေးတုံး သေးသေးတွေကို သုံးရသည်။ လူက တကယ့် အိုးတိုက်ဖွဲပြာသည်ပုံစံအတိုင်း မီးသွေးမှုန်တွေနဲ့ လူးထားသလို တကိုယ်လုံး မှုန်မဲသွားမည်။ ကိုယ့်ပုံကိုယ် ပြန်ကြည့်မိလျှင် တဟဟား အော်ရယ်ရဦးမည်။ မဲတူးနေတာက ကိုယ့်ဘာကိုယ် ဘာရုပ်မှန်းမသိ၊ သနပ်ခါးအထူကြီးပေါ် မီးသွေးမှုန်တွေက ကပ်နေပြီး နှာခေါင်းအိမ်ထဲထိ ရောက်ကာ နှာစေး နှာချေလို့ နှပ်ညှစ်ရင်တောင် နှပ်ထဲမှာ မီးသွေးမှုန်တွေ ပါလာတတ်သေးသည်။

မီးပုံးဖိုလေးထဲ မီးထည့်ပြီး အပေါ်ထပ် ခုနက မုန့်ထည့်ထားသည့်နေရာအလယ်မှာ မီးပုံးကို ချလိုက်သည်။ မီးပုံးမျက်နှာပြင်က သံပြားဆိုတော့ အချောလေ။ အထဲမှာ မီးထည့်ထားတော့ အပြင်က သံမျက်နှာပြင်က ပူနေပြီဆိုလျှင် မုန့်ထည့်ထားသည့် ပလတ်စတစ်အထုပ်လေးကို ဘယ်လက်က ယူရင်း ပိတ်မယ့်နေရာကို ခေါက်၊ ညာလက်က မုန့်ထုပ်ကို ယူပြီး မီးပုံးမျက်နှာပြင်မှာ ခေါက်ရာကို လက်ညှိုးလေး ခံရင်း ကပ်ပိတ်၊ ဘယ်လက်က နောက်တစ်ထုပ်ယူ၊ ညာလက်က ပိတ်ပြီးသား မုန့်ထုပ်ကို ဘေးပစ်ချချိန် နောက်တစ်ထုပ်ခေါက်ပြီးသားဖြစ်၊ အင်းးးးးး ဘယ်နဲ့ညာ ဟန်ချက်ညီဖို့ ဒီလိုပဲ ဘုရားသခင်က ပေးထားတာဖြစ်လိမ့်မယ်။ သူ့ဟာနဲ့သူ အဆင်ပြေနေအောင် လုပ်လို့ ရနေတာပဲလေ။

မု့န်ထုပ်တွေ မီးပိတ်လို့ ကုန်ခါနီးမှာ နောက်တစ်ဗန်း အသစ်ထည့်ရန် အောက်ထပ်မှ အန်တီက လှမ်းခေါ်တတ်ပြီ။ ‘…လဲ့ဝါရေ မြန်မြန်လာယူ.. တော်ကြာ အေးကုန်လို့ မုန့်တွေ မလှဘဲ နေမယ်….’ မုန့်တွေ မလှဘူးတဲ့လား။ မုန့်က အစစ်မှ မဟုတ်တာ..။ ဘယ်လိုလုပ် ကြာကြာအလှခံမလဲ..အင်း မလိုင် မလိုင်…. ဒါနဲ့ပဲ နောက်တစ်ဗန်းယူ အိတ်သွတ် မီးပိတ်၊ မီးပိတ်လုပ်တော့ ညာလက်ညှိုးက မီးလောင်ပြီး အမာရွတ်လည်း မဟုတ်ဘဲ ကြာတော့ မာမာမဲမဲကြီး ဖြစ်နေသည်။ …သူများကို လက်ညှိုးထိုးပြောရင် ဟိဟိ ရယ်စရာကြီးနေမှာ။ အမယ်.. ဘယ်သူ့ကို ငါက လက်ညှိုးထိုးပြောရမှာလဲ။ ခုက သူများက လက်ညှိုးထိုးတာ ခံနေရတာလေ။ ဇယ်ဆက်တာ ဘာမှန်းတော့ မသိ။ စကားအရဆိုရင် အလုပ်များများ တဆက်တည်း လုပ်ရတယ်ဆိုရင် အဲလိုပြောကြတာပဲ။ ဒါဆို ငါက ဇယ်ဆက်နေသလိုပေါ့။

နေ့ခင်းရောက်တော့မယ်။ အမေ ထမင်းလာပို့တော့မယ်။ ဗိုက်ကလည်း ဆာချင်နေတာပါပဲ။ အင်း လက်စသတ် မီးပိတ် မြန်မြန်လုပ်မှပဲ။ ဘေးနားက ကိုယ်အိတ်သွတ် မီးပိတ်ပြီး မုန့်ပုံက အပုံကြီးဖြစ်နေပြီဆိုရင် ဒါ နေ့ခင်းရောက်လို့ ထမင်းစားချိန်ဖြစ်တော့မယ်ဆိုတာပဲ။ နာရီတောင် ကြည့်စရာမလို၊ အမေ… အမေ… ရောက်ပြီထင်သည်။ အောက်ထပ်က အန်တီက အမေ့ကို လှမ်းနှုတ်ဆက်သည်။ လဲ့ဝါတို့အမေ ဒီနေ့ တယ်စောပါလား။ ဧကန္တ လဲ့ဝါ အလုပ်လုပ်မလုပ် လာချောင်းတာ ထင်တယ်။” ဟွန်းးး ဒီအလုပ်မလုပ်ရင် ဘာနဲ့ ထမင်းသွားစာရမလဲ။ လုပ်ချင်လွန်းလို့ လာလုပ်နေတာကို။ အမေက င့ါကိုလာချောင်းစရာလား။ ဒီအန်တီတော့။ “ မဟုတ်ပါဘူး၊ ညီမရယ်။ သမီးကြီးအတွက် စောစောလာပို့တော့ သူ စောစောစားရတာပေါ့။ အိမ်မှာလည်း အလုပ်က မရှိဘူးလေ။ သူ့ကိုလည်း ဝိုင်းလုပ်လို့ရတာပေါ့။ အစ်မမှာလည်း ဒီကိုယ်ဝန်နဲ့ ဆိုတော့ ကြာကြာက မထိုင်နိုင်ဘူး မို့လား။ မဟုတ်ရင် သူနဲ့အတူတောင် ထိုင်လုပ်ချင်သေးတယ်။ ကိုယ်တွေက များများလုပ်လေ ပိုရလေပဲလေ။”

အမေယူလာတဲ့ ထမင်းကို ချိုင့်ဖွင့်ရင်း အမေစားပြီးပြီလားမေးတော့ အငယ်တွေနဲ့တူတူ အိမ်မှာ စားပြီးပြီတဲ့။ ကိုယ်ထမင်းစားနေချိန် အမေက မုန့်မီးပိတ်ပြီးသားတွေကို တံဆိပ်စာရွက်လေးတွေ ထည့်နေသည်။ ထမင်းစားပြီး မေမေနဲ့ တူတူထည့်၊ မုန့်အသစ်ရှိသေးရင်လည်း မုန့်အသစ်ကိုထည့်။ ပြီးတာတွေကို ဆယ်ထုပ်တစ်တွဲဖြစ်အောင် ပလတ်စတစ်ကြိုးကို မြွေရေခွံချုပ်အပ်လို အပ်ကြီးကြီးရဲ့ ဖင်ပေါက်ကနေ ထည့်ပြီး မုန့်ထုပ်တွေကို သီရသည်။ အဲဒီဆယ်ထုပ်တစ်တွဲမျိုး ငါးတွဲပြည့်မှ ကိုယ့်လုပ်ခ တစ်ကျပ်ရလေသည်။ ညနေ ညီမလေး ကျောင်းကပြန်လာချိန်ကျ ညီမလေးက မုန့်ထုပ် ကူတွဲ ကူထည့် လာလုပ်ပေးသည်။ အမေက ပြန်ပြီး ညနေစာကို ဆန်ဝယ်သွားရင်း ပြန်စီစဉ်မည်။ ပြောမယ့်သာပြောရ။ အမေချက်မယ့်ဟင်းက ကိုယ်သိနှင့်ပြီးသား အရွက်ကြော်တခုခု ဒါမှမဟုတ် ဆားအချိုမှုန့်ခတ်ထားတဲ့ ဟင်းချိုရယ် ငါးခြောက်ဆီလှိမ့်ရယ် ဒါပဲ ဖြစ်မည်။ သိပ်တော့ မထူးဆန်း။ အချိန်တန်လို့ စားဖို့ အဆင်ပြေရင် ရပြီ။ အဖေရှိစဉ်က မစားခဲ့ရချိန် ဖြစ်ခဲ့ဖူးသော ဒေါသ ဝမ်းနည်းမှု မျက်ရည်တွေ ထပ်မဖြစ်ရင် တော်ပြီ။

ညီမလေးနဲ့တူတူ လုပ်ရင်း ညနေကို ကျော်လို့ ညရောက်လာပြီ။ နေဝင်တာ မမြင်ရ၊ နေထွက်တာ ကိုယ်မသိ၊ ဘဝဆိုတာကိုလည်း ဘာမှန်း မသိသေး။ မနက်မျက်လုံးဖွင့်လို့ အမေ့ကို တွေ့ရရင် တော်ပြီ။ မနက်နှင့်ညနေ ထမင်းမှန်မှန် စားရရင်တော်ပြီ၊ ဘာကိုလိုချင်ခဲ့လို့ ကိုယ်က ဘာမှ မရဖူးတာ…။ ညီမလေးနဲ့ မောင်လေး ကျောင်းမှ လိုအပ်တာကို ပေးနိုင်ဖို့၊ အမေ မီးဖွားနိုင်ဖို့၊ အိမ်က အငယ်တွေ အချိန်မှန်စားရဖို့ ဒါပဲ လိုသည်။ အဖေက ပြန်လာမှာလား။ ဘယ်တော့မှလဲ၊ လက်ရှိအငယ်ဆုံးညီမလေး ငါးနှစ်အရွယ်လေးကတော့ ဖေဖေ့ပတ်စ်ပို့ ပုံ သေးသေးလေးကို ကြည့်ပြီး သတိရတယ်ဟု ခဏခဏ ပြောတတ်သည်။ ကိုယ်ကျတော့ သတိရသည်လည်းမဟုတ်၊ မရဘူးလည်း မဟုတ်၊ ဖေဖေရှိစဉ်ကလည်း ဒီလိုပဲ နေ့တိုင်းထမင်းစားရဖို့ မေမေနဲ့အတူ မေမေလုပ်သမျှတွေ လိုက်လုပ်ရသည်။ ဖေဖေရှိသည် မရှိသည်က ကိုယ့်အတွက် ဘာမျှ မဖြစ်သော ခံစားမှုသာ ဖြစ်သည်။ ခု ဖေဖေက ထွက်သွားပြီ။ သွားတာတောင် မသိအောင် သွားသည်။ အဖေသွားပြီမှန်း သေချာသိသောအခါ မေမေက ငိုသည်။ ငိုမှာပေါ့လေ၊ သူက ကိုယ်ဝန်နဲ့ဟာ…။ ကိုယ်အပါအဝင် ကလေးငါးယောက်အပြင် လက်ရှိကိုယ်ဝန်နဲ့ မေမေ့ကို ဖေဖေက မပြောမဆို ဒီအတိုင်း သွားရက်သည်။ စားဖို့ သောက်ဖို့ ကလေးမွေးဖို့ ကိုယ်နဲ့ညီမလေး မောင်လေး သုံးယောက်တို့ ကျောင်းနေဖို့ ဘာမှကို မစီစဉ်ပေးခဲ့။ အဖေ ရက်စက်ပါသည်။ သို့သော် ကိုယ်က မေမေ့ကို ကြည့်ကာ မငိုဖြစ်ခဲ့။

ဖေဖေသွားချိန်တုန်းက ကျောင်းတွေ ဖွင့်ခါနီးဆဲဆဲ၊ ကိုယ့်အတွက် ကျောင်းအပ်ခ ထောက်ပံ့ကြေးကိုတော့ (မိဘနှစ်ပါးလုံးရှိသည်မို့ ကိုယ်တို့ မောင်နှမ သုံးယောက်လုံး ကျောင်းခထောက်ပံ့ကြေး တဝက်စီ) ရပ်ကွက်ဘာသာရေးကျောင်းက ရထားပြီးပြီ။ ပေါင်းလိုက်မှ အငယ်နှစ်ယောက်အတွက်သာ လောက်မည်။ အမေ့မှာ ခါတိုင်းနှစ်တွေလို နောက်တဝက် ထပ်ထည့်စရာ အပိုထားငွေ မရှိတော့မှန်း ကိုယ်က နားလည်နေသည်။ ဒီတော့ ဒီနှစ်ကျောင်းကို သမီး မနေသေးဘူးလို့ ပြောလိုက်ရသည်။ အမေကလည်း သမီးတို့အဖေ ပြန်လာရင် ဒါမှမဟုတ် ပိုက်ဆံပို့ရင် သမီး နောက်နှစ် ပြန်နေရမှာပါကွယ် လို့ တိုးတိုးလေး ဖြည်းဖြည်းလေး ပြောသည်။ အမေ ဝမ်းနည်းရှာမည်။ အမေ့သမီး ဒီသမီးကြီးနာမည်ကို အမေ ခဏခဏ ဂုဏ်ယူသည်။ တဘဝလုံး မျက်နှာငယ်ခဲ့ရသော အမေ.. ဒီသမီးစာတော်လို့ လဲ့လဲ့ဝါတို့အမေလို့ တခွန်း အခေါ်ခံရတိုင်း တခါ မျက်နှာကြီးသည် တဲ့။ ခု အမေ့သမီး ကျောင်းထွက်ရပြီ။ နောက်နှစ် ပြန်နေရမည် ဆိုသော အမေ့စကားကို မယုံ၍ မဟုတ်၊ ကျောင်းနေအရွယ်တလျှောက် ကျောင်းကို စောစီးစွာ ကျောခိုင်းရမည်ဟု ကိုယ်က ဘယ်တုန်းကမျှ မတွေးဖူးခဲ့။ အချိန်မရှိသည့်ကြားက ကျားကုတ်ကျားခဲ(စာမရှင်းလျှင် ပြန်မေးရမည့်သူမရှိ) ကိုယ့်ဘာကိုယ် ကြိုးစားနေခဲ့ရသည့် ကိုးနှစ်ကျော်သက်တမ်းကို ခု ပြန်တွေး ခု ဝမ်းနည်းသည်။ ကိုယ်က ကျောင်းမနေရတော့ဘူး ဟု အတတ်သိလျက် တိတ်တိတ်လေး အမေ မသိအောင် ငိုခဲ့ပါသည်။

အဲလိုပဲ အလုပ်တွေလုပ်ရင်း ညီမလေးကို ကျောင်းစာမှန်မှန်လုပ်အောင် ပြောရင်း ည (၁၀)နာရီကျော်လျှင် မုန့်ထုပ်အားလုံး တွဲပြီးလေပြီ။ မီးပုံးကို အောက်ထပ် မီးဖိုထဲမှာ သွားသွန်၊ မီးငြိမ်း၊ မုန့်တွဲတွေကို ကတ်ထူပုံး(ဆန်ပုံး)ထဲ ရေပြီးထည့်၊ ပြီးရင် ရွက်….. ပုံးထဲ မဆံ့သော မုန့်တွဲနည်းနည်းကို ညီမလေးကို ပေးဆွဲ၊ မုန့်ရုံပိုင်ရှင်၏ အိမ်သို့ ရွက်ပို့ရသည်။ ထိုအိမ်ရောက်လျှင် ပိုင်ရှင်ညီမ ဟိုအန်တီက အတွဲရေပြီး အတွဲအလိုက် ပိုက်ဆံရှင်းပေးမည်။ မနက် (၇)နာရီတည်းက ည (၁၀)နာရီအထိ ထိုင်လုပ်ရသော လုပ်ခမှာ ၁၅၀ ကျပ်ကျော်ကျော်ရလေသည်။ နောက်နေ့အတွက် မုန့်တွဲရန် ပလတ်စတစ်ကြိုးကို (အမျှင်ခွဲပြီး တတွဲစာအရွယ် ဖြတ်ထုံးချည်ရန်) အန်တီက ပေးသည်ကို ယူပြီး ပြန်ရပြီ။

အိမ်ပြန်လာရင် မှောင်နေပြီးဖြစ်သော လမ်းကို အဖေပြောဖူးသော မဟူရာမြိုင်မြို့တော် ဆိုသော စကားလေးကို အဖေအလွမ်းပြေ ပြောရင်း ပြန်လာမည်။ (ဒီညီမလေးက အဖေကို ချစ်သည်လေ) ကိုယ့်လက်ကို ကိုယ့်ရှေ့ဖြန့်ကြည့်လို့မှ မမြင်ရ၊ လမ်းမီးတိုင်တွေက ပျက်တခု ပိတ်တလုံးနှင့် မှောင်ပိန်းနေသည်။ သိမ်းစ ပြုနေပြီဖြစ်သော လဘက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်တွေက အလင်းရောင်သာ မထိတထိ အလင်းရှိနေသည်။ ကိစ္စ မရှိ၊ ကိုယ့်နေရာပဲ၊ ဒိအတိုင်း ပြန်ခဲ့ကြတာ ကြာလှပြီလေ။ ကြောက်စရာမှ မရှိတာ။ သီချင်းအော်ဆို၊ ညီမလေးကို ဇီးထုပ်တစ်ကျပ်တန်လေး ပြေးဝယ်ကျွေးရင်း လာခဲ့ပြီး ကိုယ်တို့အိမ်ခန်းကလေး(တန်းလျား)တွေက လမ်းချားလေးထဲမှာမို့ လမ်းချားထိပ်ရောက်ရင် အမေရေ လို့ အော်ခေါ်ရသည်။ သရဲကြောက်သည်လေ၊ လမ်းချားအဝင်ဝမှာ ရေတွင်းနှင့် ဟိန္ဒူဘုရားကျောင်းရှိသည်။ သူများပြောတော့ သရဲလား၊ နတ်လား ရှိသည်တဲ့။ တွေ့မှာကြောက်ပါသည်။ အမေက ကိုယ်ဝန်တကားကားနဲ့ ဖယောင်းတိုင်လေး လက်မှာကိုင်ကာ ထွက်ကြိုပါမှ ကိုယ်တို့လမ်းချားထဲ ဝင်ရဲသည်။ ညီမလေးကတော့ ပြောသား။ မကြီးကလည်း အမေ ကလေးမွေးရင် ဘယ်သူလာထွက်ကြိုမှာလဲတဲ့။ ဟုတ်တော့ ဟုတ်သားပဲ၊ ငါတို့လည်း မတွေ့ဖူးဘဲနဲ့နော်။

ပြန်ရောက်တော့ ခြေလက်ဆေးပြီး (ပူအိုက်ရင်တော့ ရေချိုးပါသည်) ထမင်းစား၊ ပြီး မုန့်ရုံက ယူခဲ့သော ပလတ်စတစ်ကြိုးကို မောင်နှမတွေရော အမေပါ ဝိုင်းချည်ကြ၊ ပြီးရင် တန်းစီပြီး အိပ်မည်။

အဲဒီ နေ့တဓူဝ အလုပ်ထဲမှာ ဘယ်လောက် ကြာကြာနေရ လက်ပစ်ကူးရဦးမလဲ… မတွေးတတ်ပေမယ့် မနက်ဖြန်က ကိုယ့်အတွက် ရှိနေသလိုပဲ။ မနက်လုပ်စရာရှိတာကိုက ကိုယ့်ဘဝ….။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

ဝတီဧရာ

မေခနဲ့ မလိခ ရောလို့

ချင်းတွင်းနဲ့ ပေါင်းဆုံ

ဒီနေရာမှာ ဧရာတဲ့…။

တငြိမ့်ငြိမ့်စီးရင်း

လှုပ်လီလှုပ်လဲ့ အပျိုမလို

မာန်မများ ဟန်ထွားထွားနဲ့လေ…။

အပြောကျယ်စွာ ဝပ်ဆင်း

သူ မသိတဲ့ဟန်နဲ့

ဥာဏ်များတာလည်း သူပဲမို့…

မာယာများတယ်ရယ်လို့

တခုတ်တရ စွပ်စွဲ

သူကတော့ မာန်ဖြည့်လျက် ဝဲဆဲပါပဲ..။

သူ့ရင်ခွင်ထဲ

အပျော် အလှ ခရီးသည် ကုန်

စုံနေအောင် တင်ရင်း

တရွေ့ရွေ့လေး ဝေ့ဝိုက်

သူ အိပ်တောင်မငိုက်ရဲခဲ့ပါဘူး…။

ဝဲကတော့တွေ တရှဲရှဲအော်လို့

လှိုင်းတွေလည်း ငိုချင်းချ

သူကတော့ မာန်မချ

သူ့ဘဝကို သူ့ပင်လယ်ထဲ ရောက်အောင် ပြေးနေလေရဲ့။

ရိုးမ တောင်တန်းတွေကို ချစ်တယ်။

နှင်းဖွေးဖွေးတွေထဲ ဖြတ်ရင်း ဖြတ်ရင်း ပြေးမယ်။

အညာမြေကလေးမှာ တထောက်နားရတာလည်း ဟန်ကျ။

ရန်ကုန်လို မာန်မဟုန်သေးတဲ့

ဒီမြို့လေးကို လက်တံတွေနဲ့ ဖြာဆင်း

သူ နှုတ်ဆက်တော့ ဟိုးးးး အဝေးက ကပလီပင်လယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်