မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, September 24, 2011

ဧရာဝတီ မြစ်ဆုံဆည် ဆက်မဖြစ်တည်ရ။





ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းတာဝန်ရှိလူကြီးမင်းများထံသို့။

ကျမက တိုင်းတပါးရောက်နေတဲ့ မြန်မာပြည်သူဖြစ်ပါတယ်။ ဘာမှ မတတ်တာမို့ တတ်တာ သိတာလေးနဲ့ပဲ ပန်ကြားပါတယ်။ မြန်မာပြည်သူ ဖြစ်တဲ့အားလျော်စွာနဲ့ မြစ်ဧရာအကြောင်းတစေ့တစောင်းမက ကြားနေခဲ့ သိနေခဲ့ရတာကိုပဲ ဆန္ဒပြုပါတယ်။ ဒီလိုပြောလို့ ငါတို့သာ သိတာမို့ပါ ဆိုရင်တော့ ကျမတို့ သုံးလူ့လောကမှာ မြတ်စွာဘုရားရှင်သာလျှင် အတုမရှိ အနှိုင်းမဲ့ အလုံးစုံ သိတော်မူသော အရှင် ဖြစ်တယ်ဆိုတာ အရင် ပြောပါရစေ။ ငါသာလျှင် အသိဆုံးဆိုရင်ဖြင့် ဘုရားရှင်နဲ့ ကိုယ့်ကို နှိုင်းယှဉ်နေမိတာမျိုး ဖြစ်သွားနိင်တာမို့ ဒီလို နှိုင်းယှဉ်မိရင်ဖြင့် အပယ်ရောက်မယ့်အရေးကို တင်ကြို သတိပေးပါရစေ။ ဘယ်သူမှ အသိဆုံး မရှိပါဘူး။ ကိုယ်တွေအသိဆုံးဆိုရင် ဒါ ကိုယ်ကျိုးတခုတည်း ဖြစ်မှာပါပဲ။

ဧရာဝတီအရေးဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပေါင်းစပ်ပါဝင်နေတဲ့အတွက် မြန်မာတမျိုးသားလုံးရဲ့ အရေး အမျိုးသားရေး ဖြစ်တာမို့ပါ။ လူကြီးမင်းများ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်၊ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်လို့များ မိမိတဦးတည်းပိုင် ဆန္ဒ မဟုတ်ခဲ့ဘူး ဆိုရင်ဖြင့် ကျမရေးတဲ့ ဒီစာ လူကြီးမင်းတို့ အသိအမှတ်ပြုလိမ့်မယ်လို့ (မြန်မာတပြည်လုံးအပေါ် စေတနာရှိတယ်ဆိုရင်) မျှော်လင့်ပါတယ်။

၁. ကျမတို့ မြန်မာပြည်လူဦးရေ သန်း ၆၀ ရဲ့ ၇၀% ဟာ ဧရာဝတီမြစ်ကို အမှီပြုပြီး အသက်ဆက်နေခဲ့တာ။ မြန်မာပြည်သားရယ်လို့ ဖြစ်နေခဲ့တာ မဟုတ်ပါလားရှင်။

၂. ဧရာဝတီမြစ်ဝှမ်းဟာ မြန်မာပြည်ရဲ့ ၅၄% မျှ ကျယ်ဝန်းတာမို့ ဒီမြစ်ဟာဖြင့် မြန်မာပြည်ရဲ့ အသက်သွေးကြော မဟုတ်ပါလားရှင်။

၃. ဧရာဝတီမြစ်ကြောင့် သမိုင်းတွေ ရေးနိုင်ခဲ့ကြတယ်။ မြန်မာမင်းမှန်သမျှ ဧရာဝတီနဲ့ သမိုင်းထွင်းခဲ့ရပြီး ဧရာဝတီကိုတော့ စီးပွားသဘောက်တွေ ဆန္ဒအလျောက် မလုပ်ခဲ့ကြဘူး မဟုတ်လားရှင်။

၎. ခု ဧရာဝတီကို တားဆို့ ပိတ်ဆီး ဆည်ဆောက်ကြမယ်ပေါ့။ ပြဌာန်းထားတဲ့ ဥပဒေအရပဲလို့ဆိုဆို စီးပွားရေးအရပဲပြောပြော ဧရာဝတီကို ဘာကြောင့် ပိုင်းဖြတ်ချင်ရတာလဲ။ ဧရာဝတီဟာ ဈေးကွက်တင်ရောင်းရမယ့် အရာမှ မဟုတ်တာပဲ။

၅. ဧရာဝတီမြစ်ကို တားပြီး ဆည်ဆောက်တဲ့အတွက် ဆည်ဆောက်ရာဧရိယာဟာ အတော်အတန် ကျယ်ဝန်း(အမေရိကန်နိုင်ငံ နယူးယောက်မြို့ဧရိယာနီးပါး)တယ်လို့ သိရတော့ ဒီဧရိယာရရှိဖို့ မြေနေရာအတွက် ဖယ်ပေးလိုက်ရမယ့် ပြည်သူတွေအတွက် နေဖို့၊ ပြီးတော့ သူတို့ ပြောင်းရွှေ့လုပ်ကိုင်အတည်တကျဖြစ်ရဖို့ ဘယ်သူကများ အတိအလင်းတာဝန်ယူပေးမှာလဲရှင်။

၆. မြစ်အထက်ပိုင်းကို ပိုင်းဖြတ်ပိတ်ဆို့ ပြီးတဲ့အတွက် ကျန်မြစ်အောက်ပိုင်းမှာ ရှိမယ့် မြစ်ဝှမ်းဒေသတွေအတွက် မြစ်ကိုမှီခိုပြီး အသက်ဆက်နေရသူတွေ( စိုက်ပျိုးရေး။ ကုန်သွယ်ရေး၊ ရေလုပ်ငန်း၊ ပညာရေးအစရှိသဖြင့်x ) ကို ဘယ်လိုများ အသက်ဆက်စေမှာလဲရှင်။

၇. မြစ်အထက်မှာ ပိတ်တော့ မြစ်အောက်ပိုင်း ရေခမ်း၊ ကမ်းပါးပြို၊ ဒီရောက်တောတွေပျက်စီး၊ မြစ်ခမ်းတော့ ပင်လယ်ထဲ ရေမစီးဝင်နိုင်ရင် ပင်လယ်က ဆားငံရေတွေ မြစ်ကြောတလျှောက် ပြန်ဝင်ပြီး အဲ့ဒီဒေသတွေအတွက်ရော ဘာများ ပြင်ဆင်ထားပါပြီလဲ။

၈. ဒီနောက်မှာတော့ အကာအကွယ်မရှိဖြစ်တော့မယ့် မြစ်ဝှမ်းဒေသတလျှောက်က ရာသီဥတု ဆိုးရွားမှုတွေကို ဒေသနေပြည်သူတွေဆီကို တိုက်ရိုက်ရောက်လာတော့မှာမို့ သူဆင်းရဲ ပြည်သူတွေ ဒီထက် ပျက်စီးရပါဦးမယ်။

၉. လျှပ်စစ်ဓါတ်အား မလုံလောက်လို့များ ကျမတို့ မြန်မာပြည်သားတွေ ထိုင်ငိုနေခဲ့ဖူးသလား။ လျှပ်စစ်ဓါတ်အား အပြည့်အဝပေးရေး လို့များ ကြွေးကြော်တောင်းဆိုဖူးခဲ့ကြသလား။ ရေနံဆီမီးခွက်နဲ့ ဖယောင်းတိုင်နဲ့ကိုပဲ အေးချမ်းနေတတ်ခဲ့တယ်မဟုတ်လား။ ဧရာဝတီကို ပိုင်းဖြတ်သတ်ပြီးမှ ဒီလျှပ်စစ်မီး ရရမှာတဲ့လား။ အဲဒီလို လုပ်စရာ မလိုအပ်နေပါဘူးရှင်။

၁၀. တကယ်တမ်း လျှပ်စစ်ဓါတ်အား ကျမတို့ချည်းပဲ သုံးရမယ်တဲ့လား။ ကျမတို့မြန်မာပြည်သားတွေပဲ သုံးရဖို့ လျှပ်စစ်ဓါတ်အားရဖို့ ဒီမြစ်ကြီးကို ပိုင်းဖြတ်မှ ရရမှာတဲ့လား။ မလိုအပ်ပါဘူးလို့ ပြောပါရစေ။

၁၁. နိုင်ငံနဲ့အဝှမ်း ခု မြစ်ဆုံ၊ နောင် မြစ်ဝှမ်းအားလုံး (သံလွင်၊ ချင်းတွင်းမြစ်တို့အပါအဝင်) နီးပါး ဆည်ဆောက်မယ်ဆိုတဲ့ ”သောင်းကျန်းသူနှိမ်နင်းရေး မဟာဗျူဟာ” ကြောင့်များ ကျမတို့အသက်သွေး မြစ်ဧရာကို စပြိး စတေးခံရဖို့လား။

အမေးးတွေချည်းဖြစ်နေလို့များ လူကြီးမင်းတို့ အချိန်အလဟဿ မဖြစ်စေချင်ခဲ့ပါဘူး။ ဒီထက်ဒီထက်မက ကျမတို့ ပြည်သူတွေ ကလောင်ကိုင်တွေက လူကြီးမင်းတို့ကို ပြောခဲ့ကြပြီးပြီ။ အလေးမထားဘဲ ငါတကောကောတာမျိုး မလုပ်စေချင်ပါဘူး။ မြန်မာဟာ မြန်မာတွေ အားလုံးသွေးစည်းညီညွတ်ခဲ့ကြလို့ တစ်ဦးကောင်းတည်း မလုပ်ခဲ့ကြလို့ ခုထိ ရှင်သန်နေခဲ့ကြတာပါ။ ကျမတို့ကို (မြန်မာပြည်သားတွေကို)

၁။ ။ လူကြီးမင်းတို့ရဲ့ မြစ်ဆုံဆည်စီမံကိန်းရဲ့ အကျိုး၊ အပြစ်တွေကို အသိပေးပါ။

၂။ ။ ဧရာဝတီမြစ်ဟာလည်းပဲ ကျမတို့လို မြန်မာပြည်သား ဖြစ်တဲ့အတွက် အသက်သွေးကြောကြီး မပျက်စီးရအောင် ကာကွယ်ကြရမယ့် တာဝန်ရှိတဲ့ ကျမတို့မြန်မာပြည်သားတွေရဲ့ ဆန္ဒကို တိတိကျကျ အဖြူ၊ အမည်း ကွဲပြားသိအောင် အရင် မဲဆန္ဒ တောင်းပါ။

၃။ ။ မြစ်ဆုံဆည်ဆောက် ဒေသတလျှောက်နေ လူထုတွေအတွက် တင်ကြို ပြင်ဆင်ဖြည့်ဆည်းပေးမှုများကိုပါ တပါတည်း သိချင်ပါတယ်။

ဘာကြောင့်ဆို ကျမတို့က မြန်မာပြည်သားတွေ ဖြစ်နေတဲ့အတွက်ပါပဲ။ မြန်မာပြည်အရေးဟာ ကျမတို့အရေးပါပဲ။

၎။ ။ ခု တခါတည်း ရှင်းရှင်းပြောပါရစေ

မြစ်ဆုံဆည်ဆောက်စီမံကိန်းကို လုံးဝ(လုံးဝ) ဆန့်ကျင်ပါတယ်။ ပယ်ဖျက်ပေးပါ။

လူကြီးမင်းတို့အပါအဝင် ကျမတို့မြန်မာပြည်သားတွေရဲ့ အသက်သွေးဖြစ်တဲ့ ဧရာဝတီမြစ်ကို လူကြီးမင်းတို့လည်း ချစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခုလို ရေးတဲ့ စာ၊ ကန့်ကွက်စာတွေကို လူကြီးမင်းတို့ အသိအမှတ်မပြုရင်ဖြင့် လူကြီးမင်းတို့ဟာ မြန်မာပြည်ကို မချစ်သော၊ မြန်မာပြည်သူတွေကို မချစ်၍ အလေးမထားသော၊ မြန်မာပြည်ကို မချစ်သဖြင့် မြန်မာလူမျိုး မဟုတ်သော သူတွေ ဖြစ်ပါလိမ့်မယ်။ မြန်မာမဟုတ်ရင်ဖြင့်…….မြန်မာလူကြီးလုပ်လို့ မရပါဘူး။

ကျမ ထပ်ပြောပါရစေ……..

မြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ဆန့်ကျင်ပါတယ် ပယ်ဖျက်ပေးပါ။

ဧရာဝတီ ဆက်လက်ရှင်သန်စေရမည်

ငါတို့ သွေးဖြင့် အဓိဌာန်ပြုသည်

မြစ်ဧရာပေါ် ဆည်မဆောက်ရ။

တားဆီးပိတ်ပင် ဆန့်ကျင်ပြုသည်

ငါတို့မြစ်ကြီး ဆက်စီးရမည်။

ဘယ်သဘောက်မျှ လက်မခံပါ။

တစက်ချင်းဆက်ပြီး ရေစက်များစွာ

အလျှံပယ်နဲ့ ငါတို့မြစ်ကို ပေါင်းစီစေ့မယ်။

ဘယ်ကွေ့ဝဲဝဲ အလံမလှဲဘူး

ငါတို့မြစ်နဲ့ တန်းတူ ရှိမယ်။

ဧရာဝတီကို ကျူးကျော်လာသမျှ

ငါတို့မြေက တိုက်ထုတ်ဖယ်ရှား

ဆည်စီမံကိန်း ဆက်မဖြစ်ရ။

ဆည် စီ မံ ကိန်း ဆက် မ ဖြစ် ရ။

ဆည် စီ မံ ကိန်း ဆက် မ ဖြစ် ရ။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Thursday, September 15, 2011

ရွာမယ်ဆိုရင်...

ဘယ်ရာသီပဲပြောင်းပြောင်း

မဟောင်းတာက သစ္စာ..ဆို။

ဆုံတွေ့ ကြုံကွဲ

မလွဲတာက သစ္စာ…ဆို။

ပျော်လည်း မဟူ

ငိုလည်း မခွဲ

တွဲလက်မြဲမယ့် သစ္စာ…ဆို။

စိုသာ စိုပစေ့ ။

ငိုစေမယ် မဟုတ်ပါဘူးလို့

သစ္စာဆို အခိုင်ခိုင်ချည်(ပေမယ့်)

ဘယ်အရာကို မဏ္ဍိုင်တည်လို့

ဘယ်မှာများ မည်ခဲ့တာပါလိမ့်။

မပီတဲ့ သရုပ်နဲ့ ဟန်လုပ်

ပြန်မရုပ်ပေမယ့် အဆန်လှုပ်နေတဲ့ ခြေနဲ့

နွေဆို နွေ

မိုးဆို မိုး

ဆောင်းမှာတောင် မသိုးဘူးလို့ဆိုတဲ့

သူ့သစ္စာတရားအတွက်

ဒီတခါရွာပေးရရင် ငါက ဓားပါ ရွာတတ်တော့မယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်