မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, October 8, 2009

အဝေးမှ အနီးသို့ တမ်းချင်း

အချိန်ဆိုတဲ့ သမားက
မစွမ်းတာလား။
ဒဏ်ရာကပဲ
အဆိပ် ပြင်းတာလား။
ခုချိန်ထိ ရင်ဘတ်တွေထဲ
မုန်တိုင်း ထန်ဆဲပါ။
ညတွေက တိမ်ဆိုင် အားကိုးနဲ့
လမင်းနဲ့ တာရာတွေကို
ထိပ်တုံး ခတ်ထားလေရဲ့။
ပုဇဉ်းရင်ကွဲတွေရဲ့
တေးသံ နှင့်အတူ
နှလုံးသား အစုစု
လက် အဖက်ဖက်
ထုံထိုင်းနေတဲ့ မျက်စိအစုံတွေနဲ့
ခဲတံချောင်းတွေကတော့
လေဟာနယ်ကို ကန်သင်းရိုးလုပ်ဖို့
ကိုယ်စီ နေရာ ယူလို့ပေါ့။
ပြာတာတာ စကားလုံးတွေနဲ့
အကောင်းစား လိမ်းဆီတွေကြောင့်
ဦးခေါင်းတွင်းက နက်မှောင် ကျော့ရှင်းလို့။
ကောက်ကြောင်း တခုထဲမှာပဲ
စုတ်ချက်တွေ ဗလပွ
အပ်ကြောင်းထပ်နေတဲ့ ပန်းချီကား
ခုထိတော့ အပြာရောင် အလံ မထူနိုင်သေးဘူး။

ဒီကဗျာလေးက သက်တန့်ချို ရဲ့ ပန်းပျိုးသူတို့ အလင်္ကာ ကဗျာစာအုပ်ထဲမှာ မေလေးရေးတဲ့ ကဗျာလေးပါ။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်