မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, October 11, 2011

မေလေးရဲ့ အလွဲများ ၃


--- ကျောင်းက သင်ပြီးတဲ့ စာကို ဖေဖေက အိမ်မှာ ပြန်သင်ပေးပါတယ်။ အင်္ဂလိပ်လိုနားမလည်ရင် ဖေဖေ့ကိုချည်း မေးရတာလေ။ မေမေက မူလတန်းအောင်ထိပဲ နေခဲ့ရလို့ အင်္ဂလိပ်စာ မသင်ခဲ့ရဘူးတဲ့။ အမေရယ် အဖေရယ် ကိုယ်စာကျက်နေရင် ဘေးနားမှာထိုင်လို့။ အဲ့မှာ I - အိုင် / you - ယူ လို့ အသံထွက်ရာမှာ ဖေဖေက အသံထွက်အမှန် ပြန်သင်ပေးတယ်။ ဝိုင်အိုယူ-ယူ= သင်သည်။ ကိုယ်က ဝိုင်အိုယူ = သင်သည် လို့ဆိုတယ်။ ဝိုင်အိုယူ- ယူ လို့ ဆိုတော့ ကိုယ် ဖေဖေ့ကို ပြန်ပြောလိုက်တယ်။ ယူ လို့ တခါ ဆိုပြီးပြီးလို့။း) မေမေကလည်း ဘေးကနေ ထောက်ခံတယ်။ ကလေးက ဆိုပြီးတာ ဟုတ်တာပဲတဲ့။း)

--- မေမေတို့နဲ့ စိတ်ကောက်ပြီး အိမ်ကနေ ထွက်ပြေးပါတယ်။(စိတ်ထဲမှာ ကိုယ့်ကို လိုက်ရှာမလားလို့ပေါ့လေ။ ) ဆယ်နှစ်သမီးက ဝေးဝေးလည်း မသွားတတ်တော့ ရပ်ကွက်တခုကျော်က ဘုန်းကြီးကျောင်းတန်ဆောင်းမှာ သွားနေနေတာလေ။ ဗိုက်ဆာရင် ရေအိုးစင်က ရေသောက်လိုက်။ တန်ဆောင်းက ခုံတန်းလေးပေါ် ထိုင် အိပ်လိုက် လုပ်နေတာ.. ကိုရင်တပါးက မြင်ပြီး ဒကာမလေး ဘာလုပ်နေတာလဲတဲ့ ကိုယ်က လက်အုပ်ကလေးချီပြီး ပြန်ပြောလိုက်တယ်။ ကစားနေတာပါ ဘုရားလို့။ ဘာမှတော့ မပြောတော့ဘဲ ထွက်သွားရော။ ညနေ ငါးနာရီလောက် ဒေါ်ကြီးတို့အိမ်ကို လှည့်ပြန်တာပေါ့။ ဒေါ်ကြီးက သူ့ဆီမလာလို့ မေးတာကို ဖြေရင်း ထမင်းစားပြီး မေမေတို့ဆီ ပြန်လာပါတယ်။ မေမေတို့က သိတောင်မသိပါဘူးတဲ့။ ဒီတိုင်း သွားကစားနေတယ်ထင်တာတဲ့။ ဖြေလိုက်ပုံက ….း( (အဲလိုပီပြင်တာ ကိုယ်က။ စိတ်ကောက်တာ ဘူမှလည်း သိဝူး)း(

--- မေမေက ဒေါ်ကြီးတို့နဲ့ ခရီးထွက်သွားတုန်း ဖေဖေရယ် ကိုယ်တို့မောင်နှမတွေရယ်ချည်းကျန်တာမှာ တစ်ရက် ညပိုင်းမှာ ရပ်ကွက်ထိပ်အိမ်က မီးလောင်ပါတယ်။ ကိုယ်တို့ရပ်ကွက်ကလေးကလည်း အဲဒီထိပ်ဘက်ကပဲ အဝင်အထွက် လုပ်လို့ရတာကလား။ ထိပ်အိမ်မှာဖြစ်တယ်ဆိုတော့ တရပ်ကွက်လုံးပြေးလွှား ညံစီနေတာပေါ့။ ဖေဖေက အိမ်ပြင်ထွက်ကြည့်ပြီး ပြန်ဝင်လာပြီးတော့ သားသမီးတွေကို အိမ်ထဲခန်းမှာ စုထိုင်ခိုင်းတယ်။ ရွှေသွေးဂျာနယ်အထူးထုတ်(အထူကြီး)ကို ကိုယ့်ကိုဖတ်စေပြီး မောင်နှမတွေကို ဖတ်ပြခိုင်းတယ်။ ပြောပြခိုင်းတယ်။ ဖေဖေက မီးသွားကူငြှိမ်းမလို့တဲ့။ ဘယ်မှ မထွက်နဲ့နော်တဲ့။ မှာပြီး သွားတာ။။ နာရီဝက်ကျော်ကျော်မှာ ပြန်လာတယ်လေ။ ပြီးတော့ ရပ်ကွက်လူကြီးရောက်လာပြီး ဖေဖေ့ကိုပြောတယ်။ မင်းနှယ် ကလေးတွေကို အိမ်ထဲထားပြီး သွားတာလည်း သွားပေါ့။ တံခါးကို ပိတ်သွား။ ဂလန့်ထိုးသွားစရာလား။ ကလေးတွေကို ထွက်ချင်လို့မှဖြင့် ထွက်မရ၊ ပြုမရ ဖြစ်နေမှာပေါ့ ဆိုတော့ ဖေဖေက သူတို့ ပြေးလွှားပြီးရှုပ်နေမှာစိုးလို့ပါတဲ့။ ကဲ အဲလို ကိုယ့်ဖေဖေက ကိုယ့်လိုပဲ လွဲတာ။ မီးကလည်း အဲဒီအိမ် တစိတ်လောက်ပဲလောင်ပြီး ဘယ်မှ ထပ်မကူးဘဲ ငြိမ်းသွားလို့ တော်တာပေါ့။ ကိုယ်တို့ အိမ်တွေက (အရင်က အစိုးရတန်းလျား) တွေမို့ တအိမ်နဲ့ တအိမ်ဝါးထရံလေးသာ ခြားတဲ့ အခန်းဖွဲ့သဘောမျိုးလေ။ လောင်မယ်ဆို အတွဲလိုက်ပဲး)

--- သံလွင်ဥယျာဉ်ကို မိသားစုလိုက် သွားလည်ကြတာမှာ ဟိုရောက်တော့ မောင်နှမတွေ လျှောက်ပြေးဆော့ပေါ့။ မောလာရင် မေမေတို့နားလာ၊ အမောဖြေ၊ စားသောက် ပြီးမှ ပြန်ဆော့။ ဖေဖေက ဝင်္ကပါ ပတ်ခိုင်းပါတယ်။ သံလွင်ဥယျာဉ်မှာ ဝင်္ကပါ ဝင်ဆော့ဖို့ ဆိုတာ ရှိတယ်လေ။ ညီမလေးရယ် ကိုယ်ရယ် မောင်လေးရယ် ဖေဖေရယ်ပေါ့။ ဟဟားး။ မျောက်လွှဲကျော် ကိုယ်က လမ်းမတွေ့ရင် အပေါ်က ခုန်ကျော်ပြီး သွားတော့ အလယ်ပန်းတိုင်ကို အရင်ရောက်တယ်။ ပြန်ထွက်ရင်လည်း ထွက်ပေါက်ကို အရင်ရောက်တယ်။ ဖေဖေက ဒီကောင်မလေး တော်လိုက်တာဆိုပဲ ဟဲဟဲ။ ဒီနည်းကို သိရင် မခက်ဘူးမို့လား။း)

--- သချာင်္ကို အခက်ဆုံးအပုဒ်ကနေ စတွက်တတ်ပါတယ်။ အလွယ်ဆုံးဆီ ရောက်လာရင်တော့ ဦးနှောက်က ခုနအခက်တွေကို တွက်ပြီး အားကုန်သုံးပြီးထားလို့ ဘက်ထရီကုန်သွားသလိုမျိုး အဲဒီလွယ်လွယ်လေးဆိုတာတွေကို တွက်လို့ မတတ်တော့ပါဘူး။ အဲဒါ အမြဲတမ်းဖြစ်စဉ်ပါ။ ခုကျတော့ အဲဒီလွယ်လွယ်တွေလည်း မရ။ ခက်ခက်တွေကိုလည်း လက်ရှောင်နေ၇ပါတယ်။ ဒါက ဘာလွဲနေလို့လဲ မသိဘူး။ ဦးနှောက်စစ်ဆေးရေးဆီ သွားရတော့မယ်း)

--- ဟင်းချက်နေတဲ့ ဘွားဘွားဘေးနားထိုင်ပြီး ဟင်းချက်နည်း သင်ခိုင်းပါတယ်။ မေမေက မသင်ပေးပါဘူး။ ကိုယ်ကလည်း စိတ်က ဟိုရောက်ဒီပေါက်ဆိုတော့ အငြိမ်လုပ်ရမယ့် ဟင်းချက်တာမျိုးကို အပြီးမလုပ်မှာ မေမေ စိုးရိမ်ပုံရပါတယ်။ ဘွားဘွားပြောပုံက မြေးက ဘာဟင်းချက်တတ်ချင်တာလဲတဲ့။ ဟင်းချိုလို့။ ဘာလို့တုန်းဆိုတော့ သမီးက ဟင်းချိုပဲ စား၇တော့ ဟင်းချိုပဲ ချက်တတ်အောင် လုပ်ရမှာပေါ့လို့။ (ကျန်းမာရေးအရ ငရုတ်သီးမစားရသဖြင့် ဟင်းချိုနဲ့ အကြော်အလှော်တမျိုးမျိုးသာ စားရပါသည်) အဲဒါနဲ့ ဘွားဘွားက ကဲ ဒီလောက်ဖြစ်လှတာ သင်ပေးမယ်တဲ့။ တကယ်က ဟင်းချိုဆိုတာ ချက်ရ အလွယ်ဆုံးမဟုတ်လား။ သမီး မီးဖိုကို ခုနစ်ပတ် ပတ်ပြီးရင် ချက်တတ်ပြီတဲ့။ ကိုယ်လည်း ပတ်တာပေါ့ ။ (တကယ်ပါပဲ ဘွားဘွားရဲ့ မြေစိုက်မီးဖိုလေးကို ခုနစ်ပတ် ပတ်ပါတယ်) ပြီးတော့ ကိုယ့်ဘာကိုယ် ချက်တတ်ပြီ ထင်လိုက်ပါတယ်းPPPP ။ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီဖြူ၊ ဘာမှထည့်စရာမလိုဘူးနော် ကိုယ်ဟင်းချက်တား) :P

--- အလယ်တန်းအရောက်မှာ ထမီ၊ ရင်ဖုံးဝတ်ရတော့ ထမီကို (အဘွားသင်ပေးထားလို့) ကောင်းကောင်းဝတ်တတ်ပါရဲ့နဲ့ မဝတ်ပါဘူး။ အဘွားရှေ့မှာ ထမီလိုဝတ်ပြီး ကျောင်းရောက်ရင် စာကူးနေလို့ ခုံမှာ ထိုင်နေချိန်ကျ ပုဆိုးလို ခါးပုံစ ထုတ်ပြီး ဝတ်ပြီးသား ဖြစ်နေပြီ။ ဆရာမ စာမေးလို့ လဲ့လဲ့ဝါ တခါ ခေါ်ထတိုင်း အဲဒီပုဆိုးကို ပြန်ပြင်ဝတ်ရပါတယ်။ တခါမှာတော့ သမီး နင်ဒီလိုဝတ်တာ ဘာလို့လဲ မခိုင်လို့လားလို့ မေးပါတယ်။ ချောလဲရောထိုင် စကားလိုပဲ ခေါင်းငြိမ့်လိုက်တယ်။ အဲဒါဆို သူများစရင် ဘယ်လိုလုပ်မလဲ မေးရော။ ဘာဖြစ်ရမလဲ ဆရာမရယ်။ သမီးအထဲမှာ ဒူးလောက်ဘောင်းဘီတို ဝတ်ထားတာပဲလို့ ရင်ကော့ပြီး ဖြေလိုက်တယ် :P

--- ရပ်ကွက်ထဲ ကိုယ်တို့ ကလေးတွေတသိုက် နေ့ခင်းကျ ပြေးလွှားခုန်ပေါက် ကစားကြပြီး ညဘက်ကျ အငြိမ်မနေပါဘူး။ ကတမ်းပွဲတမ်း ကစားပါတယ်။ (အငြိမ့်ကသလိုမျိုးပါ။ ကိုယ်က အဲလိုပဲ ကစားနည်းခေါ်တတ်ပါတယ်။) ငယ်ငယ်တည်းကနေ အသက် ၁၂- ၁၃ လောက်ထိ ကပြီဟေ့ဆို မင်းသမီးလုပ်ရမှ ကျေနပ်တတ်တဲ့ ကိုယ်က ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလာ ပြောင်းလာ “မှုန်ရွှေရည်” သီချင်း တပုဒ်ကိုပဲ ကောင်းကောင်းဆိုတတ် ကတတ်ပါတယ်။ တခြားသီချင်းဆိုခိုင်းကခိုင်းလည်း မရဘူးပဲ။ သံစုံတီးဝိုင်းနဲ့ပေါ့။ အိုးဟောင်း ခွက်ဟောင်းတွေ မနေရပါဘူး။ ည ကတော့မယ်ဆို အဲဒါတွေ အိမ်က ကိုယ်စီသယ်လာကြပြီး ဇာတ်စင်ရှေ့ စီဝိုင်းပြီး ချ၊ တုတ်ချောင်းတွေလည်း အဆင်သင့်တင်ထား၊ မင်းသမီးက အမေထမီကို ရှည်ရှည်လေး ထပ်ဖြစ်အောင် စောင်တထည် ပတ်ထည့်(ခြေထောက်ဖျားနားမှာ ရှည်သွားတယ်လေ) မျက်နှာသုတ်ပဝါအကြီးကို ပခုံးပေါ်တင်၊ မရှိတရှိဆံပင်ကို ဆံထုံးပုံစံ(ထိပ်မှာစုချည်ပြီး ပန်းပန်ထားတာ)လုပ်လို့ “မှုန်ရွှေရည်…ကြိုင်ကာသာ သင်းကြည်…” အရင်အသံထွက်ပြီး ထွက်လာပါပြီ။ (ဘာလွဲနေသလဲသိလား။ မင်းသမီး မျက်နှာချေ၊ ပေါင်ဒါ၊ မိတ်ကပ်၊ သနပ်ခါး မလိမ်းထားပါဘူး။ တီးလုံးမစခင် သီချင်းဆိုပါတယ်။ လူရွှင်တော်တွေ မရောက်သေးဘူးလေ။ အဲဒါမျိုး က ချင်တာ။ က ချင်တာ။ :PPP )

--- နင့်ဒီတစ်ပုဒ်ပဲတတ်လားဆိုရင် လေဘာတီမမြရင်သီချင်း (အငြိမ့်မင်းသမီးနဲ့ စာရေးဆရာ) သီချင်းကို ဟန်ပါပါ ဆိုပါတယ်။ တီးလုံးပြောင်းဖို့လည်း ပြောပါတယ်။ လူပြက်တွေ ပြက်လုံးထုတ်ချိန်မရှိ။ ကိုယ်ချည်း က ချင်နေတာလေ။ (ဘယ်သူငှါးမလဲ ဒီမင်းသမီးကို။။။နော် ဒီခေတ်အတိုင်းဆို မင်းသမီးကခန်းဆို ရစ်လိုက်ကြမှာပဲ။)း)း)း))))))

အလွဲများကို ဆက်တိုက်ရေးမလို့ အကြံ လွဲသွားတာမို့။ ဒီမျှနဲ့ပဲ။ နောက်ထပ် အလွဲများကတော့ ရီစရာမပါတော့ဘူးလေ။ ဘဝအလွဲများဆီ ခပ်ပါးပါး လျှောက်ရပြီမို့။ ဖတ်ရလေးသွားမှာစိုးလို့ >_< ဟဲဟဲ ကျန်းမာပျော်ရွှင်ပါစေ










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

9 comments:

  1. ငယ်ဘ၀ရဲ့ အလွဲတွေက အခုနေခါ ပြန်စဉ်းစားရင် ရယ်စရာနော်။ လက်တွေ့ဘ၀မှာတော့ အလွဲတွေ တစ်ခါတစ်ခါ ကြုံတွေ့ရပေမယ့် ဒီအလွဲတွေနဲ့ပဲ အသားကျအောင် အားထုတ်နေရတာ တစ်ခါတစ်ခါ ပင်ပမ်းလှတယ်။ ဘ၀အလွဲများကို ငယ်စဉ်ကလိုပဲ ရယ်ပွဲဖွဲ့နိုင်ပါစေ ညီမရေ..။

    ReplyDelete
  2. ငယ်ငယ်က ရွှေပြည်စိုးသီချင်းမဲ့ မကြာခဏ ကခဲ့ဖူးတယ်
    မေလေးလိုဘဲ အလွဲတွေလဲ ကြုံခဲ့ဖူးတယ်
    သေးသေးလေးတွေ လွဲတာလောက်က ကိစ္စမရှိပေမဲ့ ဘာဝမှ ကြီးကြီးမားမား မလွဲချော်ဖို့တော့ လိုတယ်နော်

    ReplyDelete
  3. ခိခိ။ ရယ်သွားတယ်။ အရမ်းကို ပျော်စရာကောင်းတဲ့ ကလေးဘဝပါပဲ။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  4. စာဖတ်ရင်းနဲ့နဲ့ လွတ်လွတ်လပ်လပ်

    ReplyDelete
  5. လွဲလွဲလေးလည်းကောင်းပါတယ် အစ်မရယ်း)

    ReplyDelete
  6. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  7. hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  8. အင်္ဂလိပ်လိုတွေ လာရေးသွားပြန်ပြီ။ စိတ်ညစ်ပါ့။

    ReplyDelete
  9. အလွဲတွေ ဖတ်ပြီးရယ်..ေ အာက်ဆုံးကောမန့်ကို ဖတ်ပြီး ထပ်ရယ်

    ReplyDelete