မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, September 21, 2009

ချစ်သူကို လုပ်ပေးသင့်တာလေးတွေ




မေလေးကို သတိတရ လာလာမေးကြပြောကြတာကို ကျေးဇူးတင်ပါတယ်နော်။ လူနဲ့အချိန် အချိုးအဆမညီဘဲ နပန်းလုံးနေရတာမို့ပါ။ အစ်ကိုတစ်ယောက်က နင် ကောက်ရိုးမီးမလုပ်နဲ့လို့တောင် ဆူပါတယ်။ ကျေးဇူးတင်ရပါတယ်ရှင့်။ ခုလည်း ဒီပိုစ့်တင်ပြီး ဘယ်လိုလုပ်ဆိုဒ်သစ်တခုထဲရောက်သွားမှန်းမသိဘူး။ ခု ပြန်ပေစ့်လုပ်ပြီး တင်ထားတာပါ။
မေလေး အလုပ်တွေမအားလို့ မဝင်ဖြစ်တဲ့ကြားက ကိုယ့်ကို ဘယ်သူလာပြီး စကားပြောသွားတာကို လာလာဖတ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ခု ကိုကိုတို့အတွက် ချစ်သူကို ၊မဟေသီကို လုပ်ပေးသင့်တာလေးတွေ နော် ။ ဖတ်ကြည့်ပေါ့။ သိပ်မလုပ်ပေးရပါဘူး။ ကိုယ့်ရဲ့အချိန်တစိတ်တပိုင်းလေးပဲ ပေးရတာလေနော်။ သူတို့တွေ စိတ်ထဲ မှတ်မှတ်ရရလေးတွေ ရှိသွားရင် ကိုကိုတို့ကို အချစ်တွေတောင် တိုးလာပါလိမ့်မယ်။ အံ့သြစရာကောင်းလောက်အောင် ထိရောက်တဲ့ အချက်လေးတွေက (၁၀) ချက်ပဲ ရှိပါတယ်။ အကြင်နာလေးတွေ မြဲချင်ရင်၊ ကိုယ်ချစ်နေတာလေး သူ တသသဖြစ်နေစေချင်ရင်နော် ဒီအချက်လေးတွေ လုပ်ကြည့်ရအောင်။။။။။

၁။ ။သူပြောနေတာကို နားထောင်ပေးပါ

အများကြီး မလိုပါဘူး။မိန်းကလေးတွေက သူတို့တနေ့တာ ကြုံခဲ့ရ လုပ်ခဲ့ရတာတွေကို ပြန်ပြောချင်ပါတယ်။
မင်းဒီနေ့ ဘာတွေလုပ်ခဲ့တာပါလိမ့်။ နည်းနည်းလောက် ကိုယ့်ကိုပြောပါလားလို့သာ လမ်းဖွင့်ပေးလိုက်ရုံနဲ့ သူတို့
ပြောချင်နေတာတွေကို ပြောပြပါလိမ့်မယ်။အမြဲတမ်းမဟုတ်ရင်တောင် ကိုယ်နဲ့ဆုံတုန်းလေး သူ့ကိုအလေးထား
နားထောင်တာလေး လုပ်ပေးရုံပါ။ (မနက်ကော်ဖီဘယ်ချိန်သောက်တယ်။ ရေအိမ်ဘယ်ချိန်ဝင်တယ်ဆိုတာက အစ ပြောနေရင်တော့ ကိုကိုတို့ရေ အဲဒါ သူ့စကားများတတ်တဲ့ အကျင့်ကြောင့်ပါနော်။)

၂။ ။တခါတရံ ကိုယ်တိုင် ချက်ပြုတ်ကျွေးခြင်း။

မေလေးက ကိုယ့်ကိုကိုတွေကို ပင်ပန်းခံခိုင်းတာ ဟုတ်ဘူးနော်။ မိန်းကလေးတွေက အပြင်မှာလည်း အလုပ်
လုပ်ပြီး အိမ်ပြန်ရောက်ရင် ချက်ပြုတ်ရတဲ့အလုပ်က တညနေလောက်တော့ အနားယူချင်ပါတယ်။ ကိုယ်အချိန်ရှိ
တဲ့ တညနေလောက် စောစောပြန်ပြီးရင် တတ်သည်ဖြစ်စေ။ မတတ်သည်ဖြစ်စေ ချက်ပေးကြည့်လိုက်ပါ။ သူတို့ ကြည်မြေ့သွားမယ့် စိတ်လေးကို ကိုယ်က ကြည်နူးပေးရတာ ပိုအရသာရှိပါတယ်။ မချက်တတ်ဘူးလို့တော့ မပြောနဲ့နော်။ ချက်နည်းပြုတ်နည်းစာအုပ်တွေနဲ့ အင်တာနက်က ဟင်းချက်နည်းဆိုဒ်တွေမှာကြည့်လို့ရပါတယ်။ (ချက်နည်းမှာ ဆားအနည်းငယ် ဒါမှမဟုတ် ဆားတစ်ဇွန်းလို့ရေးထားတာကိုတော့ ဟင်းခပ်ဇွန်းနဲ့လားလို့တော့ မမှားစေနဲ့ပေါ့။ သူလေးက အောင့်အီးပြီး စားနိုင်ရင်တောင် ကိုယ်တိုင်က မျက်နှာရှုံ့မဲ့နေရမှာလေနော်)

၃။ ။အမှတ်တရ အထိမ်းအမှတ်လုပ်ပေးခြင်း။

သိပ်မသိသာတဲ့ အသေးအဖွဲလေးတွေကို ရိုမဲန့်တစ်ခ် ဆန်ဆန် မဟုတ်ရင်တောင် သူအမှတ်တရလေးဖြစ် သွားအောင် အထိမ်းအမှတ်ပွဲလေး လက်ဖက်ရည်ပွဲလေး ကော်ဖီပွဲလေး ဒါမှမဟုတ် လက်ဆောင်သေးသေးလေး တခုလောက်ဝယ်ပေးတာမျိုးပေါ့။သူနဲ့ကိုယ့်ကြား အမှတ်ရစရာဆိုတာ မှတ်ထားစရာမလိုဘဲ ရှိနေတာပဲလေနော။
(ချစ်ချစ်ရှိဖို့ ခုမှကြိုးစားဆဲ ကိုကိုများကတော့ ရည်းစားစကားလိုက်ပြောတာ။ စာလိုက်ပေးတာ တစ်ရက်ပြည့်လို့။ တစ်ပတ်ပြည့်လို့ ဆိုပြီးတော့တော့ မရဘူးနော်။ မတော် ကိုယ့်ပါးနဲ့ သူ့လက်ဖဝါး မိတ်ဆွေဖွဲ့ဖြစ်နေဦးမယ်)

၎။ ။ချီးမွမ်းပါ။

သူ့ရဲ့အရည်အချင်းလေးတွေကို ရိုးသားစွာ ချီးမွမ်းပေးပါ။ မင်း သိပ်လှတာပဲလို့ အပေါ်ယံမပြောဘဲနဲ့ ဒီလို
ရာသီမျိုးမှာ မင်းဒီလိုလုပ်လိုက်တာ တော်တော်လေး တာသွားတယ်။မင်းသိပ်တော်တာပဲ ဆိုတာမျိုးတွေ၊ လုပ်ငန်းခွင်ထဲ အရေးပါတဲ့နေရာမှာ မင်းရှိနေလို့ ဒီလိုတွေ ဖြစ်လာတာလို့ ချီးမွမ်းပေးရင် သူက ကျေနပ်မှာပါ။ (မင်းက အလကားနေရင်း အခြောက်တိုက်တော်နေတာပဲနော် လို့လည်း သွားမပြောမိစေနဲ့နော်။ ဒေါသူပုန်တွေ တပ်နဲ့ချီပြီး ထ လာလိမ့်မယ်)

၅။ ။သူ့ကို စီမံခန့်ခွဲဖို့ ခွင့်ပြုလိုက်ပါ

အိမ်ရှင်မတွေတော့ စီမံနေကျပဲလေနော်။ ဒါပေမယ့် အဲဒါက သူတို့မဖြစ်မနေ လုပ်နေရတာပါ။ ချစ်သူချင်းပဲ ဖြစ်ဖြစ် ကိုကိုနဲ့မဟေသီပဲဖြစ်ဖြစ် အတူဈေးသွားဖြစ်တာမျိုးတွေမှာသူက လျှော့ဈေးပွဲတော်လို ကိုယ်မသွားလိုတဲ့ နေရာတွေကို သွားတဲ့အခါ သူ့ကို ဦးဆောင်စေပြီး လိုက်သွားလိုက်ပါ။ ချစ်သူလည်းပါ ကိုယ်တိုင်စိတ်တိုင်းကျ ဝယ်လို့လည်းရ လိုအပ်တာလည်း ပြည့် ဆိုရင် သူတို့က သူတို့ ဦးဆောင်လိုက်ရတဲ့ အဲဒီခဏတာကို ကျေနပ်နေတတ်ကြပါတယ်။ (အဖော်လိုက်ပေးရင်းနဲ့ လက်လေးမယ်ထင်ရင်တော့ ဒီဟာလေးတော့ မသင့်တော်ဘူးထင်တယ်နော်လို့ ဘေးက အကြုံပြုလိုက်ပေါ့။)

၆။ ။ကိုယ်လုပ်ပေးတာကို သူ့အသိုင်းအဝိုင်းက သိပါစေ။

သူလုပ်တာကို ကိုယ်ကအသိအမှတ်ပြုပေးလိုက်ပြီးတဲ့အခါ တခါတလေမှာ သူ့ပတ်ဝန်းကျင်ကို ပေးသိပါ။ မိန်းကလေးဆိုတာ သူငယ်ချင်း အသိုင်းအဝိုင်းတွေကို အလေးထားတတ်တာမျိုးမို့ သူ့အတွက် ကိုယ်လုပ်ပေးတာကို သူ့ပတ်ဝန်းကျင်ကပါ သိရင် အရမ်းကျေနပ်တတ်ကြပါတယ်။ (သူက ငွေတစ်သိန်းလောက်လှူတာကို ကိုယ်က ဝမ်းသာဂုဏ်ယူကြောင်းပြန်ကြေငြာတာက ငါးသိန်းပြန်ကုန်တယ်ဆိုရင်တော့ မဟန်ဘူးနော်။တော်ရုံလေး)

၇။ ။စာရေးပါ။

ရှေးဆန်ပေမယ့် အမြဲဆန်းသစ်နေတဲ့ မရိုးနိုင်တဲ့နည်းလေးပါ။ ချစ်သူမဖြစ်ခင်မှာပဲ စာရေးပေးရတာ မဟုတ်ပါဘူး။ အမြဲတမ်း ဖုန်း။မေးလ်။ဂျီတော့ခ်တွေနဲ့ ပြောဖြစ်နေပေမယ့် တခုတ်တရ စာလေးရေးပေးတာကို ပိုကျေနပ်ကြပါတယ်။ စာတိုလေးဖြစ်ဖြစ်ပေါ့နော်။ချစ်သူက စာဖတ်ဝါသနာပါရင် ပိုလို့ကောင်းပါသေးတယ်။ (ရေးပေးတာများပြီး စက္ကူတွေ ကီလိုချိန်နဲ့ သွားရောင်းစားရင်တော့ ?????)

၈။ ။ခရီးအတူသွားဖို့ ဦးဆောင်ပါ။

ခရီးသွားတာဟာ စိတ်ကို ပျော်ရွှင်ပေါ့ပါးစေတယ်ဆိုတာတော့ လူတိုင်းသိတယ်လေနော်။ ချစ်သူနဲ့ ခရီးတိုလေးဖြစ်ဖြစ် အတူသွားနိုင်ဖို့ စီစဉ်တာကို ကိုယ်က ဦးဆောင်ပြီး ယာဉ် အချိန် နေရာ စီစဉ်မယ်ဆိုရင် မိန်းကလေးတွေက (ပူပန်တတ်သူတွေမို့ သူတို့ မပူပင်ရတော့အောင် လုပ်ပေးထားခြင်းကို) ကြည်နုးနေမှာပါ။ (ကိုယ်စီစဉ်တဲ့အခါ ဈေးသက်သာလို့ဆိုပြီး ကားခေါင်မိုးကနေ လိုက်စီးရမယ့် ခပ်ကျပ်ကျပ်ကားကို စီစဉ်တာမျိုး တော့ မလုပ်မိစေနဲ့နော့်။ နောက်တခါမပြောနဲ့ တဘဝလုံးစာပါ ခရီးအတူ မလှမ်းရဘဲနေမယ်။)

၉။ ။အံ့အားသင့်အောင် ဖန်တီးပါ။


ကိုယ့်ချစ်သူဟာ လုပ်ငန်းခွင်ထဲက ဆိုရင် သူမထင်မှတ်တာမျိုးကို တခါတရံ ဖန်တီးပါ။ ဥပမာ-နေ့လည်စာ စားချိန်လောက် ကိုယ်က ရောက်သွားတာမျိုး။ လမ်းကြုံမဟုတ်ဘဲ သတိရလို့ ကော်ဖီသောက် လာခေါ်တာမျိုးဆို ချစ်သူက အံ့အားသင့် ဂုဏ်ယူ ကျေနပ် စတဲ့ ခံစားချက်မျိုးစုံတောင် ဖြစ်သွားနိုင်ပါတယ်။ (ကိုယ်လာခေါ်မယ်ထင်ပြီး သူ ဟင်းမကောင်းချိန်ကျ စောင့်နေပြီး ဟင်းကောင်းချိန်ကျ စားပြီးနှင့်တာဆိုရင်တော့ ကိုကိုတို့ရေ မလွယ်ဘူးပေါ့နော်။ သတိ သတိ)

၁၀။ ။ဂရုတစိုက်ရှိပါ။

အရိုးရှင်းဆုံးပါပဲ။ အချိန်ပြည့် မဟုတ်ဘဲ (အနောက်နိုင်ငံက လေဒိဖတ်စ် အယူအဆလို) ကိုယ်နဲ့အတူ ရှိချိန်လေးမှာ လမ်းသွားရင် လမ်းဖြတ်ကူးဖို့ ကြည့်ပေးတာ၊ စားစရာတခုခုရှိတဲ့အခါ သူစားချင်တာကို အရင်ရွေးချယ်စေတာ၊ ခရီးသွားရင် ကားတံခါးဖွင့်ပေးတာ ပိတ်ပေးတာ စသဖြင့်ပေါ့လေ။ အမြဲတမ်းမလုပ်ပေးနေရဘဲ ဆုံတုန်းလေး ခဏကိုပဲ လုပ်ပေးရုံ၊ ဂရုစိုက်ပေးရုံပါ ။ (ကားတံခါးပိတ်ပေးတာဆိုလို့ သူ့ခြေထောက်တွေအကုန် ကားပေါ် မရောက်သေးဘဲ သွားမပိတ်မိစေနဲ့ဦး လုပ်ချင်ဇောနဲ့လေ။ စေတနာက ဝေဒနာဖြစ်မယ် )



မေလေးရဲ့ကိုကိုတွေ မောင်တွေကို သူ့ချစ်သူနဲ့ သူ့မဟေသီနဲ့ အဆင်ပြေစေချင်ပါတယ်။ ပျော်ရွှင်ဖို့၊ ကြည်နူးဖို့ အချိန်ဆိုတာက ကိုယ်တိုင်ဖန်တီးယူရမယ်ဆိုရင် အဲလိုနည်းလေးတွေနဲ့ဆို မပြောပလောက်ပေမယ့် ထိရောက်ပါတယ်။ နှစ်တရာတိုင် မခွဲမခွါလည်း ဖြစ်သွားနိုင်တယ်လေ။ ဒီအပြုအမူတွေက အစပြုလို့ပေါ့။ မေလေး အချိန်မအားတဲ့ကြားက တင်ထားတာပါ။ အချိန်ရော လူရော နပန်းလုံးနေပါတယ်။ ရှိသလောက်အချိန်တွေ ထပ်ဝယ်ဖို့ကလည်း ပိုက်ပိုက်နဲ့ ရန်ဖြစ်ထားတယ်။ ငှားမလား အချိန်တွေကိုပြောပါတယ်။ ကဗျာရေးထားမလားလို့ လာဖတ်ဖြစ်မယ့်သူတွေကိုလည်း ဒါလေးနဲ့ တောင်းပန်တယ်နော်။ အရင်ဖတ်သွားပါအုံးလို့ ။။။။ကျန်းမာပျော်ရွှင်ပါစေ။။။။။

16 comments:

  1. မင်္ဂလာပါ မေးလေး ရေ...

    ချစ်သူကို လုပ်ပေးသင့်တာလေးတွေ ရေးသားဖော်ပြပေး တဲ့အတွက် ကျေးဇူးပါ။

    ကိုယ်လုပ်ပေးတာကို သူ့အသိုင်းအ၀ိုင်းက သိပါစေ။ ဒီအချက်လေးကိုတော့ မေ့နေတတ်တာ များတယ်..ကျနော်က...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. ဝက်ဝံလေး22/9/09

    ဖတ်သွားတယ် မေလေးရေ ဟိဟိ

    ReplyDelete
  3. သိပ်ကောင်းတဲ့ အကြံလေးတွေပဲ။ သမီးရည်းစားဘ၀၊ ဒါမှမဟုတ် ကောင်မလေးတွေကို လိုက်ပိုးနေတုန်း ကောင်လေးတွေအတွက်တော့ ဒီထက်ပိုတဲ့ ဂရုစိုက်မှုတွေ ရှိရင်ရှိနိုင်တယ်။ ဒါကြောင့် မေလေး အကြံပြုထားတဲ့ အချက်တွေက အိမ်ထောင်ကျပြီးသား သူတွေအတွက် ပိုသင့်တော်တယ်လို့ ထပ်ဆင့်အကြံပြုပါတယ်။ ဒါကို အိမ်ထောင်သည် အမျိုးသားတွေ မဖြစ်မနေ ဖတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသား တော်တော်များများက မရခင် ဘယ်လောက်ပဲ ဂရုစိုက်ပြပြ ရပြီးတဲ့အချိန်မှာ သူတို့ကို ပြုစုယုယတာကိုပဲ လိုချင်ပြီး သူတို့က ပြန်ပြီး ဂရုစိုက်ဖို့ လိုတဲ့အချက်တွေကိုတော့ မလိုအပ်ဘူး ထင်တတ် ဒါမှမဟုတ် မေ့နေတတ်ကြလို့ပါပဲ။
    ခင်မင်စွာဖြင့်
    ငယ်နိုင်

    ReplyDelete
  4. မေလေးရေ....
    ဗဟုသုတလေးတွေ မှတ်သားသွားတယ်
    တစ်နေ့တော့ အသုံးချရဖြစ်မယ် ထင်တယ် ...ဟီးးp
    မေလေးပျော်ရွှင်ပါစေနော်
    ချစ်ခင်စွာဖြင့်
    “နှင်းဟေမာ

    ReplyDelete
  5. အင်း ... ချစ်သူရမှ အဲ့လို ဂရုစိုက်ပေးရမယ် ...
    (ကြော်ငြာဝင်ခြင်းမဟုတ်ပါ) :P

    ReplyDelete
  6. အင်း ......
    ပြတ်သွားပြီမို့ 
    လော၂ဆယ်တော့
    ဖတ်ရုံပဲ ဖတ်သွားတယ်
    နောက် တစ်ယောက်ရမှပဲ
    ကြုပ်ကျပ်လိ ကြည့် ဦးမှ
    ဟီး

    ReplyDelete
  7. မေလေးရေ...သိပ်ကောင်းတဲ့ နည်းပေးလမ်းပြတွေဘဲ။။
    ဟီး၂

    ReplyDelete
  8. ဆီပုံးမတွေ့၍ ဒီမှာလာရေးပါသည်...

    မေလေးကို လင့်ဖို့ မေ့တွားလို့ တောင်းပန်ပါဒယ်...
    အခုပဲ ချိတ်လိုပ်ပါပြီ...

းဝ)

    ReplyDelete
  9. နေဒေးသစ်22/9/09

    ဒါလေးပါထည့်ရင် မကောင်းဘူးလား မေလေးရ ...
    ၁၁။ ချစ်သူအား မကြာတခဏ " အာဝါး " ပေးပါ ။။။ :D

    နေဒေးသစ်။

    ReplyDelete
  10. ဟေ ဒါတို့အတွက် ဟုတ်ဘူးကွ.. နော်... ?:P

    ReplyDelete
  11. မေလေးရေ..
    လာဖတ်သွားတယ် ..လင်းတို့နဲ့ ဆိုင်ဘူးလေ ..နော..

    ReplyDelete
  12. မင်း23/9/09

    အင်းးး lady first .. lady first ဆိုပြီး သူတို့မိန်းမတွေများနော် မိန်းမသားဆိုပြီးတော့ ရှိရှိသမျှ အခွင့်အရေး သူတို့ဘဲယူ.. တခါတလေ အလိုလိုက်မိရင်ဘဲ နောက်ပိုင်း အကျင့်လိုဖြစ်သွားပြန်ရော .. မရခင်တုန်းကလဲ.. ကုန် ရပြီးတော့လဲ ရှာကျွေးရအုံးမယ် ..ဒါနဲ့တောက် ထပ်လိုချင်သေးတယ်..
    နင်လဲ နည်းပေးလမ်းပြတော်တော်လုပ် ..

    ReplyDelete
  13. မေလေးရေ.. ကျေးဇူးကမ္ဘာပါခင်ဗျာ။

    yu ya

    ReplyDelete
  14. စိတ်ဝင်စားဖို့ကောင်းသား

    ReplyDelete
  15. Anonymous5/10/09

    ၁၁။ အကြံပေးလိုစိတ်ကို ချုပ်တည်းထားပါ။ အကြံမပေးပါနှင့်။ (ပေးလဲ လုပ်မည်မဟုတ်)

    ReplyDelete
  16. Anonymous26/4/10

    အော် ....
    ခုမှပဲ ငါတော်တော်လေ့လာရဦးမယ်လို့သိလိုက်ရတယ်ဂျား ..

    လေ့လာရင် နဲ့ အသက် ငါဆယ်ပြည်တော့မယ်ထင်တယ်နော်

    စက်တင်စိုး

    ReplyDelete