မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, October 5, 2009

ဘာသာမဲ့ ကောင်းကင်

လကွေးကွေးလေးက ဘယ်ဆီ ရောက်နေသည်လဲ။ ဒီမှာဘက်မှာ အနေများရတော့ လကွေးကွေးလေးကို မြင်နေရသည့်တိုင် လဆုတ်ရက်မှန်း၊ လဆန်းရက်မှန်း အသေအချာသိပ်မသိ။ ဒီခုအချိန်ကလွဲရင်ပေါ့လေ။ ဒီအခါက သီတင်းလပြည့်ကိုကျော်လို့ မကြာခင် လတန်ဆောင်မုန်းထဲ တိုးဝင်တော့မည်ပဲ။ မီးပုံးပျံတွေလည်း သိပ်မရှိတော့ ဒီအခါသမယမှာ ကောင်းကင်ဟာ ဘာမှ မလုပ်ရပါဘဲနှင့် မပြည့်စုံဘူးလိုဖြစ်နေတယ်လို့ တွေးမိတော့ ပြုံးချင်ချင်၊ ဟိုမှာဘက် ကိုယ့်ဌာနေက ခွဲခွာလာပြီး ဒီဘက်မှာ၊ ဒီနေရာမှာ မြင်ရတဲ့ ကောင်းကင်ကို ကိုယ်က ဘာများဖြည့်စွက်ချင်နေရဦးမှာလဲ။

***** မီးပုံပျံဆိုတာ ကိုယ်တွေငယ်ငယ်တုန်းကတော့ သီတင်းကျွတ်လပြည့် မရောက်တရောက် အချိန်ကတည်းကနေ တန်ဆောင်မုန်းလပြည့်ကို တော်တော်လေးကျော်သည်အထိ ကိုယ့်ဌာနေရဲ့ကောင်းကင်
ပြင်ကျယ်ကြီးထဲမှာ ထိန်ထိန်လင်းလင်း ကြီးကြီးငယ်ငယ် မှုန်မှုန်မွှားမွှား မြင်ရတုန်း။ ဟိုမှာ....ဒီမှာ... အပြိုင်အဆိုင်အော်ရင်း မီးပုံးပျံနောက်လိုက်ရတာလည်း မမောနိုင်၊ မပန်းနိုင်။ မိဘတွေက ကားလမ်းအသွားအလာ စိုးရိမ်လို့တားလည်း လှစ်ခနဲဆို လမ်းမပေါ် ရောက်ပြီ။ အဲဒီဘဝလေးထဲမှာပဲ ဘာလို့နေသားတကျ မဖြစ်ဘဲ ကိုယ်က ဒီလိုမျိုး မပြည့်စုံသည့် ကောင်းကင်ကို လာတွေ့နေရခြင်းအား မမြင်ရသည့် ကံကြမ္မာကြောင့်ပဲလို့ ပြင်တွေးရမလို၊
***** သူ့အခါ သမယ၊ သူ့ရာသီအလိုက် ကောင်းကင်ဟာ အရောင်မျိုးစုံတို့ရဲ့ ပန်းချီဆေးခြယ်ခြင်းအပေါ် ကျေနပ်ထွေးပွေ့ ခံယူနေကျ၊ မော့ကြည့်လိုက်တိုင်း ဒီဌာနေရဲ့ ကောင်းကင်လို့ ပြောစရာ မလိုအောင် အရောင်တွေနှင့် တင့်တယ်စွာ အချိန်မှန်လို့၊****နွေ ---- နွေမို့၊ မိုးလည်းမိုးတွင်းမို့၊ ဆောင်းအခါလည်း ဆောင်းရာသီမို့ အခါမှန်မှန် အရောင်ခြယ်လို့၊ ကလေးဘဝမှာလည်း ဒီကောင်းကင်ကြီးရဲ့အရောင်တွေကို တမေ့တမော ငေးကြည့်နေတတ်ခဲ့ရဖူးသည်။ ဒီကောင်းကင်ကြီးရဲ့ မူပိုင်မိုးပြာရောင်ကို မော့ကြည့် ကြည်နူး ရွှင်ပျခဲ့ရဖူးသည်။ အဲဒီမိုးပြာရောင် လွင်ပြင်ကျယ်ကြီးထဲ အဆုံးအစမဲ့ ပျံသန်းချင်ခဲ့ပြီး ဒီလိုပြည့်စုံလှတဲ့ ကောင်းကင်ရဲ့ အရိပ်အောက်ကနေ အခုလိုမျိုး တရှည်တကြာကြီး ထွက်ခွာလာရလိမ့်မယ်လို့တော့ မစဉ်းစားခဲ့မိချေ။
******ငယ်ငယ်က အမေခိုင်းလို့ အပြေးအလွှားလုပ်ပေးရင်း အဲဒီကောင်းကင်ကြီးကို မော့ကြည့်လျှင် သူ့ရင်ခွင်ထဲက တိမ်စိုင် တိမ်ဆုပ်တွေ ကိုယ့်နောက်ကို ထပ်ကြပ်လိုက်လာကြသည်ဟု ထင်တွေးခဲ့ဖူးသည်။ ရာသီဥတု သာသာယာယာရှိသည့်နေ့များတွင် ကောင်းကင်ထဲရှိ တိမ်ရောင်စုံများသည် အတော်ကြည်နူးစရာ ကောင်းလောက်အောင် လှပနေတတ်သည်။ တခါတရံ ဂွမ်းစိုင်ကြီးလို အဆုပ်လိုက်-အဆုပ်လိုက်၊ တခါတရံ ပြာလွင်လွင် လွင်ပြင်ကျယ်ထဲက သိုးအုပ် အစုလို၊ တခါတလေတော့ ချည်မျှင်ခပ်ပါးပါးလေးဖြင့် ကောင်းကင်ပြင်ကို လွှမ်းထားသလိုမျိုး၊ ခဲပုပ်ရောင်တဝက်- အဖြူတဝက်ဖြင့် မိုးသားတိမ်အုပ်ကြီးကလည်း တခါတခါ နေရာယူတတ်ပြန်သေးသည်။
******ညဘက်တွေမှာ တိမ်ရှိနေလျှင် လမ်းမထွက်ရဲ၊ ကလေးသဘာဝ ဘာမှ မဟုတ်ရပါဘဲ အဲဒီတိမ်တွေ ကိုယ့်နောက်ကို လိုက်နေကြသည်ဟု တွေးရင်း ကြောက်ကြောက်ရှိကာ မထွက်ရဲ၊ ကိုယ့်မြို့ကလည်း အဖေပြောသလို တစ်လမှာ သုံးရက်သာ မီးလင်းတတ်သော မဟူရာမြိုင်မြို့တော်ဖြစ်တော့ကာ လ.မသာသော တိမ်အုပ်သည့်ညဆို အဲဒီကောင်းကင်ကို မော့ကြည့်ချင်နေရဲ့နဲ့ မရဲခဲ့။ လ.သာနေရင်လည်း လ.လည်း ကိုယ့်နောက်လိုက်နေသည်၊ တိမ်လည်း ကိုယ့်နောက်လိုက်နေသည်ဟု ခံစားရကာ မော့မကြည့်ရဲခဲ့ချေ။
******တိမ်မရှိသောညများတွင် ကောင်းကင်ကြီးသည် နက်ပြာရောင် ခပ်ရင့်ရင့်ဖြင့် ကြယ်ပြောက်များ ဟိုဒီ ဖြန့်ကျဲလျက် ဣနြေ္ဒကြီးစွာ ရှိနေတတ်ပြန်သည်။ လ.သာလျှင် ကြီးကြီးငယ်ငယ် အရွယ်အလိုက် လရောင်အောက်၌ စိန်ပြေးတမ်း၊ ထုပ်ဆီးတိုးတမ်း ကစားရသေးသည်။ အိမ်ရှေ့မှာ အမေတို့တွေ ဘာမှန်းမသိ ပြောနေကြသည်ကို တခါတလေ ချောင်းနားထောင်ကြည့်ဖူးသည်. သိပ်စိတ်ဝင်စားစရာမကောင်း. နားလည်းမလည်။ လှစ်ခနဲ ပြန်ပြေးထွက်.အမေတို့တွေ့သွားလျှင် စာကျက်ရန် အိမ်ထဲပြန်ဝင်ခိုင်းမည်ကို စိုးရိမ်ခဲ့ဖူးသည်။
*****အမေရိုက်လျှင် ဒါမှမဟုတ် အော်လျှင်၊ အမေမရိုက်ပါဘဲ မအော်ပါဘဲ စိတ်ထဲဝမ်းနည်းနင့်သိပ်လာသည့်အခါမျိုးတွင် အိမ်ပြင်ပြေးထွက် ကောင်းကင်ကိုမော့ကြည့်ပြီ်း အဲဒီကောင်းကင်ထဲ ကိုယ့်ဝမ်းနည်းမှုတွေကို လွှတ်ပစ်ရတတ်သည်။ ကောင်းကင်ရဲ့ မူပိုင် အပြာရောင်ကိုတွေ့မှ ရင်ထဲ ပေါ့ပါးသွားတတ်သည်။ အခုကြီးလာသည့် အရွယ်အလိုက် စိတ်ခံစားမှုတွေကိုလည်း ကောင်းကင်ကြီးက ကိုယ့်အဖော်ပီသစွာ သိမ်းဝှက်ပေးတုန်းပင်၊ ကိုယ့်ရင်ထဲမှာ ဘာတွေဖြစ်နေနေ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရရင် အေးငြိမ်းသွားရတတ်သည်။
******အဲဒီကောင်းကင်ကြီးကို တခြားသောအရာဝတ္ထုတွေထက် ပိုပြီးတွယ်တာသည်။ ဒီမှာဘက် ကိုယ်ရောက်ပြီး မည်သူမျှ မရှိရင်တောင် ကောင်းကင်ကြီးကတော့ ကိုယ့်အတွက် ရှိနေမြဲ၊ စိတ်အရမ်းရှုပ်ရရင်လည်း ကောင်းကင်က ဆီးကြိုနေမြဲ၊ ဝမ်းသာနေရင်လည်း သူကပါ လှိုက်လှိုက်လှဲလှဲ ဖြစ်နေတတ်ပြန်တာမို့ အမေနင့် အဖေကလွဲရင် ကောင်းကင်ကြီးလောက် ကိုယ့်အပေါ် ကောင်းသူ မရှိနိုင်ချေ။ ဘာမှ မဟုတ်ဘဲကောင်းကင်ကြီးကို ထိုင်ငေးကြည့်ရင်းလည်း အဲဒီကောင်းကင်ထဲ ငယ်ငယ်ကလို ပျံသန်းချင်စိတ်နှင့် ကောင်းကင်ထဲက တိမ်တွေကို ဆော့ကစားချင်စိတ်ရှိအောင် သူက ဆွဲဆောင်တတ်သေးသည်။
******သူ့ရင်ထဲမှာ ဘာအာဃာတမှ မရှိ၊ ပကတိအတိုင်း အားလုံးကို တပြေးညီ ရင်ထဲထည့်ထားပြီး သူ့ဆီကို အဆီအငေါ်မတည့်သော သဘာဝလွန်တီထွင်မှုတွေဖြင့် ရောက်လာတတ်သည့် ညစ်ထွေးမှုများကိုလည်း ပျော်ဝင်စွာ သူ ခံယူတတ်ပြန်သေးသည်.သက်ရှိလူတွေကတော့ တီထွင်နိုင်မှုတွေ အလုအယက်ဖြင့် ကြိုးပမ်းနေရင်း၊ သူ့ထက်ငါ အပြိုင်အဆိုင် အရာမဝင်သည့်အရာတွေကို ပြိုင်ရင်းဖြင့် ကောင်းကင်ကို မေ့နေတတ်ကြသည်ပဲ။ သူနဲ့ ကမ္ဘာကြား ပါးပါးလေး ခြားနေသော အိုဇုန်းလွှာလည်း သက်ရှိလူတွေရဲ့ အပြိုင်အဆိုင် မိုးထိ တီထွင်မှုများကြောင့် ပေါက်ကွဲပျက်စီးနေခဲ့ပြီ။ သူကတော့ တာဝန်မပျက်- ကမ္ဘာကြီးကို အလင်း၊ အမှောင်တွေ တလှည့်စီပေးရင်း နေ့နဲ့ညတွေကို ဖန်တီးပေးနေမြဲ၊ သူ့တာဝန် သူကျေဖို့ ဘယ်သူကမှ မစေရပါဘဲ ကောင်းကင်ကြီးက ပုံမှန်လည်ပတ်နေချိန်တွင် သူ့ရင်ခွင်အောက်မှာ ရှိသည့် လူနေမှု အခြေအနေများကတော့ ဆုတ်ယုတ်ရင်း တိုးတက်ရင်း ပြောင်းလဲနေခဲ့ပြီတည်း။
*****ကောင်းကင်ကြီးကို တိုင်တည်ပြီး ကိုယ်ဖြစ်ချင်တာတွေ၊ ရည်မှန်းတာတွေကို မော့ငေးတိုင်တည်ဖူးသည်။ ဘဝမှာ နေပျော်စရာ မရှိဘူးလို့ထင်ရင်လည်း ကောင်းကင်က ဒီလိုပဲပေါ့ကွာ ဟု နှစ်သိမ့်သံကိုလည်း နားဆင်ရဖူးသည်။ တည်ငြိမ်သည့် ကောင်းကင်ပြင်ကို ကြည့်ပြီး အားကျသည်။ သူ-ဘယ်သူ့ကိုမှ မပြိုင်ဆိုင်နေခဲ့သလို အနိုင်လည်း မယူခဲ့ချေ။ သူ့အောက်က လူတွေကသာ သူ့ထံသို့ အပြိုင်အဆိုင် အလုအယက် (တခြားသောသူတွေကို ရင်းနှီး-ချေမွ- ချနင်းရင်း) ထိုးတက်လာခဲ့ကြသည်။ သို့တစေ သူ့ကို မည်သူမျှ မယှဉ်နိုင်ခဲ့ပေ။ အားလုံးသည် ကောင်းကင်အောက်မှာပဲ ရှိနေခဲ့ရသည်။ သူ့ထံပါးမှ အလင်းတန်းကြောင့် ကမ္ဘာကြီးက အပူဓါတ်နှင့် အလင်းရောင်ရသည်။ သူ့ထံပါးမှ ညအမှောင်ကြောင့် နားနေချိန်ကို လူတို့ သတ်မှတ်ရရှိပြန်သည်။ သူ့ထံပါးမှ လေအရွေ့ တိမ်အပါ ကြယ်မစို့မပို့တို့ကြောင့် ရာသီစက်ဝန်းကို နားလည်သိမှတ်ရသည်။ ကျေးဇူးကြီးမားပေစွ။။။။။။
******ဟိုမှာဘက် ကောင်းကင်ကို ခဏခဏငေးရင်း ချစ်ခဲ့ရသမျှ ဒီမှာဘက်ရောက်တော့ သူ့ကို မကြည့်နိုင်အားခဲ့။ ဘဝမှာ ဆန္ဒနဲ့ ထပ်တူကျဖို့ အဖိနှိပ်ခံကြိုးစားရင်း ခေါင်းပုံဖြတ်ခံရင်းဖြင့် လုံးလည်ခြာလည် လိုက်နေခဲ့သည်။ ကောင်းကင်ကြီးက နားလည်ပါလိမ့်မည်။ ပြီးတော့ မိုနာလီဇာလို ပြုံးကာ ငုံ့ကြည့်နေဦးမည်။
****** ကောင်းကင်ကြီးရေ လို့ အော်ပြီး တိုင်တည်ချင်တာတွေ ရှိလာသည့်အခါမှသာ ကောင်းကင်ကို မော့ကြည့်ဖြစ်၏။ သူ့လို တည်ငြိမ်ချင်သောကိုယ်သည် သူ့လိုတော့ ခံနိုင်ရည် မရှိခဲ့ပြန်။ တစုံတဦး- တစုံတရာ တိုက်ခိုက်လာသည့်အခါ မျိုသိပ်မနေတတ်ဘဲ (နှုတ်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ) ပြန်၍ လက်တုံ့ပြန်တတ်နေသေးသည်။ ကောင်းကင်ကြီးကို အရင်းနှီးဆုံးအဖော်အဖြစ် ထားရှိပြီးသည့်တိုင်အောင် ကောင်းကင်ကြီး၏ အမူအကျင့် အနည်းငယ်မျှကိုမှ လက်ဆင့်ကမ်း မယူတတ်ခဲ့ချေ။ ယူလျှင်ရမည်ဖြစ်သော အသိတရား၊ အမူအကျင့်တို့ကို ကိုယ်သည် သတိလက်လွတ်နေခဲ့သည်။ ကောင်းကင်၏ အရာရာကို နားလည်နေတတ်သော အပြုံးကို ငေးကြည့်အားကျနေခဲ့ဖူးပါလျက် ထိုအပြုံးမျိုးကို သရုပ်လည်း ခွဲခဲ့ဖူးပါလျက်နှင့် ကိုယ်တိုင်တော့ ပြုံးတတ်အောင် မသင်ယူထားမိခဲ့။
****** သူ့မှာနာကျင်တာမရှိ၊ ဝမ်းနည်းကြေကွဲနေတာမျိုးလည်းမရှိ၊ ဟန်ဆောင်ပြုံးနေတာမျိုးလည်း နတ္တိ၊ ဘက်လိုက်ခြင်းလည်းဝေးဝေး၊ လက်စားချေခြင်းကင်းကင်း- အငြှိုးအတေးလည်းမဲ့စွာဖြင့် သူမို့ဣနြေ္ဒကြီးစွာ နေတတ်သည်။ ပြည့်ဝ တည်ငြိမ် ရင့်ကျက်လွန်းသော၊ နက်ရှိုင်း ကျယ်ပြန့်လွန်းသော သူနဲ့ ရင်းနှီးပါလျက် သူ့လို မနေတတ်ခဲ့ခြင်းက ကိုယ့်မှာ အတ္တတွေ ဘယ်လောက်များနေသည်ကို သိသာစေသည်။ သင်ယူစရာတွေ တပွေ့တပိုက် ရှိနေတာတောင် သူ့ကို မေ့ထားတတ်နေသေးသည့် ကိုယ့်ကိုယ်ကို အပြစ်တင်ချင်သည်။ ကောင်းကင်ကြီးကတော့ ပြုံးပေးဦးမည်။