မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label ကဗျာလိုလို. Show all posts
Showing posts with label ကဗျာလိုလို. Show all posts

Sunday, August 14, 2011

ဘလော့နှစ်နှစ်ပြည့်(သို့မဟုတ်) သူ ၃၄

ဒီလမ်းထက် တူတူလျှောက်ရင်း

တစ်ရက်ထက် တစ်ရက်

ဆက်ဆက်နီးလာ

ဆုံရမှာ အမှန်မို့

ဘယ်လိုရင်ဆိုင် ပြုံးနိုင်ပါ့မလား

ရင်တွင်းထိုးထွင်း သိချင်စမ်းဘိ။

ပရကို တူးဖော်

အတ္တတွေ မြူးပျော်စံဖို့

ဘယ်နှရာသီများမှ ပြီးမှာတဲ့လဲ။

သိသာသိ ဖြတ်မထိတဲ့ ကိလေသာနဲ့

အရသာမသိတဲ့ ယောက်လို

သူရာနဲ့ နှစ်ပါးသွား

လစ်မနေအောင် သူ မေ့ရက်တယ်

ဝေးပေါ့တရား။

နှလုံးသားမှာ အဖေးတက်

အဆိပ်လည်း မပြယ်

လောကဓံကို အန်တုဖို့

ဘယ်နှခုနှစ်က သူ့ကို မွေးတာတဲ့လဲ။

မွေးခြင်းက တဖြည်းဖြည်းဝေးလို့

မရဏတရားက နဲ့နဲ့ နီးလာ

စိုင်းပြင်းနေဆဲ

မနောမှာ အာရုံငြိတယ်။

သူ မငြိမ်းချမ်းသေးပါလား။

အသိနဲ့ သတိ မတွဲလေသမျှ

လောကနဲ့ လောကီ နှစ်ဌာနီ

အောင်မြင်ရအောင် မစွမ်းဆောင်ပါ့လား။

ကိလေသာတဏှာမြစ်ထဲ

အစုန်အဆန် ဝဲရောက်

အဟုန်အမြန်နဲ့ သူ ဖြတ်တောက်

ရောက်ဆဲ လမ်းထက် လျှောက်တတ်ပါစေ။

ပေါက်ဆဲအတွေးထဲ အလင်းရောက်ပါစေ။

မွေးရက်တွေ တဖြည်းဖြည်းကျော်

သူ ဆန္ဒရှိရာ လှမ်းမျှော်နိုင်ပါစေ။

ချစ်သောသူများ မကွေကွင်းဘဲ

မနှစ်သက်သူ ကွင်းရှောင်မူလို့

အောင်မြင်တဲ့လမ်း အလှပန်းကို

ဆွတ်ချူနိုင်ပါစေ။








ဒီဘလော့လေးထဲ ကိုယ့်ခံစားချက်တွေ ကိုယ်ရေးချင်တာတွေ ထည့်ထည့်သိမ်းဖြစ်တာ မနေ့က၂၀၁၁ သြဂုတ်လ (၁၃)ရက်နေ့မှာ နှစ်နှစ်ပြည့်ပါပြီ။ သူ့ရဲ့ ၃၄ နှစ်ပြည့်မွေးနေ့လည်း ဖြစ်တာမို့ သူ့ကို ရည်ရွယ်ပြောကြား၊ အမှတ်တရကဗျာကို တင်ဖြစ်ပါတယ်။ ဘလော့စာမျက်နှာထက် သိပ်မရောက်ဖြစ်ပေမယ့် ဒီအိမ်လေးက မေလေးရဲ့ အပန်းဖြေရာလေးမို့ လာလည်သူ သူငယ်ချင်းတို့ကို ဒီကနေပဲ ကျေးဇူးတင်ကြောင်းပြောပါရစေရှင့်။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, March 11, 2011

ပင့်ကူနဲ့ အိမ်

ရင်ဘတ်ထဲ ပွေ့ထားရင်းနဲ့
သိမ်း ထုတ် ငင် ယှက်
လက်တွေနဲ့ ယက်ခဲ့ရတယ်။
အမှောင်ကို ကြို အရိပ်ကိုခိုရင်း
ရေတွေစိုမှာလည်း စိုးခဲ့ရတာပါ့။
တမျှင်ပြီး တမျှင်တိုး
ခြေထိုးရင်တောင် မပြိုဘူး ထင်ခဲ့တာလေ။
ရင်ဘတ်တွေ နာအောင် အန်ထွေးရင်း
ပိုက်ထားမိသမျှတွေ လျှံကျနေအောင်
ဒီအိမ်ကလေးက ခံနေပါ့မလား။
မဝံ့မရဲပေမယ့်
တွန့်ဆွဲလည်း မနေခဲ့ပါဘဲ
ဝင်ရပ်ကာ အမောဖြေမယ်ကြံ
လေသင်တုန်ဲး မာန်အဟုန်နဲ့
ကျီစာသန် ပြန်အဝှေ့မှာတော့
ဟန်ကလေးနဲ့ တောင် နှုတ်မဆက်
ရုတ်တရက်ပဲ ခွဲခဲ့ရတာလေ။
ပြန်ဆင်မယ် ဒီစိတ်ကူးတွေနဲ့
မာန်ကြိုတင် မိန့်မူးပေမယ့်
ယိမ်းနွဲ့အား မမျှလေသမျှ
တိတ်တိတ်သာ အရိပ်လေးထဲ
ခပ်မဆိတ်ဘဲ ရပ်နေပါရစေတော့။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်