မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, April 26, 2011

လူမမယ် ဘဝနှင့်စိတ်ကူး

လက်တဖက် ထီးကို ကျစ်နေအောင် ကိုင်ရင်း နောက်လက်တဖက်ထဲမှာတော့ အဖွားထည့်ပေးလိုက်သည့် ထမင်းချိုင့်ဆွဲခြင်း၊ ပခုံးမှာ ကျောင်းလွယ်အိတ် လွယ်ထားသေးသည်။

မိုးသံတွေ တဝုန်းဝုန်း ခုန်ဆင်းပြေးလာနေသည်။ ထီးကိုလွှင့်ပြီး မျက်နှာမော့ပြီး မိုးရေတွေ ခံယူရင်း ပြေးကစားချင်စိတ်က ဝင်လာပြန်သည်။ မဖြစ်သေး။ အမေ ရှိနေသော နေရာကို အချိန်မတိုင်မီ ရောက်အောင် လှမ်းရဦးမည်။ လမ်းဘေးတလျှောက် စီးနေတဲ့ မိုးရေမြစ်ကလေးထဲကိုတော့ ခြေဖျားလေးဖြင့် ခတ်ဆော့လိုက်သည်။ ဂါဝန်အနားသားတွေ ရေစင်ကုန်သည်။ မတတ်နိုင်၊ အမေ ဆူချင်ဆူနိုင်ပေမယ့် မိုးရေချစ်သောသူကတော့ ဒီမျှတော့ ဆော့ခွင့် ရှိရမည်ပေါ့။

ထီးကိုင်ထားတဲ့ လက်ကို အကြည့်ရောက်ရင်း လက်ပတ်နာရီပိစိလေးဆီ ကြည့်ဖြစ်သည်။ တံခါးပိတ်ချိန် ရောက်တော့မည်။ ခြေလှမ်းနှုန်းကို ထပ်မြှင့်ရင်း မောသလို ဖြစ်လာပြန်သည်။ အမေရှိရာ တောင်ကုန်းထိပ်မှ အဆောက်အဦးကို လှမ်းမြင်သည်တွင် အပြင်တွင် ရွာနေသောမိုးက ရင်ဘတ်ထဲ မြစ်ဖျားခံသလို ဖြစ်လာသည်ပဲ။

အသက် ၉ နှစ်သာ ရှိသေးသော သူ့အတွက် ဒီဘဝကို နေသားတကျ ဖြစ်နေတာက အဆန်းတကျယ်မဟုတ်။ သူ့အောက်တွင် ညီမလေးနှစ်ယောက်နှင့် မောင်လေး တစ်ယောက်ရှိသည်။ အကြီးဆုံးသူက အားလုံးမဟုတ်လျှင်သော်မှ အများအားဖြင့်တော့ ကိုယ်ပိုင်အချိန်တွေ ဖဲ့ထားခံရသည်ချည်း။

ခုလည်း သူ့မောင်လေးနှင့် အငယ်ဆုံးညီမလေး ဆေးရုံမှာ ကလေးရောဂါဖြင့် တင်ထားရသဖြင့် အမေက ဆေးရုံမှာ ရှိရသည်ပေါ့။ ဆိုက္ကားနင်းသော အဖေက ယစ်ရွှေရည်သည်သာ သူ့ဘဝ သတ်မှတ်ထားသလို မနက် ဆိုက္ကားနင်းထွက်တည်းက ညသိမ်းချိန်အထိ ခရီးသည်တင်နင်းလိုက်၊ ပိုက်ဆံရလျှင် ပြေးသောက်လိုက်ဖြင့် ရှိ၏။ အဘွား(အမေ့ရဲ့အဖွားလေးတော်စပ်သည်)က ဘွားရယ်၊ အဖေရယ်၊ သူရယ်၊ ညီမလေးရယ်အတွက် ဟင်းချက်၊ လျှော်ဖွပ်၊ သိမ်းဆည်းပြီး ဆေးရုံမှ အမေနှင့် ညီမလေးတို့အတွက် ချက်ပြုတ်ပြင်ဆင်ပေးသည်။

သူနှင့် သူ့အောက်က ညီမလေးက မနက်ကျောင်းသွားပြီး ကျောင်းပြန်လျှင် ရေချိုးပြီး ဘွား ချက်ထားသော ထမင်းကို စား၊ ပြီး လွယ်အိတ်လွယ် ထမင်းချိုင့်ဆွဲခြင်းကို ယူ၍ ခုလိုပဲ အမေ့ဆီ သွားပို့ရသည်။ နေ့လယ်စာကိုတော့ အဖေ သွားပို့ပေးသည်။ အဖေ ဈေးဖိုးပေးချိန်ကို မူတည်၍ ချက်ရသည်မို့ အချိန်က မမှန်၊ စောဖို့ထက် ဆေးရုံဝင်းတံခါး မပိတ်မီလေးတောင် သိပ်မရှိခဲ့ပေ။ တာဝန်ကျ ဂိတ်မှူးတွေကို အမြဲတမ်း တောင်းပန်၍ ဝင်ခွင့်တောင်းရသည်ချည်း။

မိုးရေစိုသဖြင့် ပခုံးက ကျောင်းလွယ်အိတ်ထဲက ကျောင်းစာအုပ်တွေ စိုနေလောက်ပြီ။ အမေ့ဆီရောက်လျှင်တော့ အမေက ခြောက်အောင် လုပ်ပေးလိမ့်မည်။ ဘယ်ရောက်နေနေ အမေ့နားတွင်သာ နေချင်သည်။ အဖေနှင့် သူက မတည့်၊ ဒီအရွယ် ကလေးတစ်ယောက်နှင့် အဖေက မတည့်ဟုသည်မှာ မသိဆိုးရွားနိုင်ပေလိမ့်မည်။ မနက်ကျောင်းသွား၊ အဘွားပေးလိုက်သော ထမင်းကို စားပြီး ကျောင်းပြန်လျှင် ပန်းကန်ဆေး၊ ရေခပ်၊ ရေချိုး၊ ညစာစားပြိး ကျောင်းစာကျက်ဖို့ အချိန်တွင် အဖေ့၏ ထွေလီကာလီ ယစ်ထွေနေမှုကို နားထောင်နေရမည်။ နားမထောင်ဘဲ စာပဲကျက်လျှင် သူ့ကို အရေးမစိုက်ဟူ၍ ဇက်ပိုးအုပ်လိမ့်မည်။ အဖေနှင့် မျက်နှာချင်းမဆိုင်ချင်ပါ။ ကျောင်းက သင်ပေးလိုက်သော ပုစ္ဆာများကို မရှင်းလျှင် အဖေ့ဆီ သွားမေး၍ မရ။ နင်တို့ ကျောင်းနေတာက အလကားပဲ၊ ပြီး ဘာမှ ရလာမှာ မဟုတ်ဘူးဟု နာကျည်းသံဖြင့် ပြောပြီး လက်ထဲက ကျောင်းစာအုပ် လွှင့်ပစ်ခံရနိုင်သည်။ အမေကတော့ သူ တတ်သလောက် ရှင်းပြတတ်သည်။ ခု အမေက ဆေးရုံက ညီမလေးတို့နားမှာမို့ အမေရှိရာ အမေ့နားမှာနေရင်း ကျောင်းစာ လုပ်ရမည်။ အိမ်က ညီမလေးကတော့ အငယ်ပီပီ ညဆိုလျှင်တော့ အိပ်နေလိမ့်မည်။ ကျောင်းမှာဆို မကစားရ၍ ကျောင်းသိပ်မသွားချင်ဘူးဟုလည်းး ခဏခဏ ပြောတတ်သေးသည်။ စာမရရင် အမေက ကျောင်းမထားပေးတော့ဘူးဟု အမေပြောဖူးသည်ကို ညီမလေးက မှတ်ထားပုံရသည်။

လျှောက်ရင်း တွေးရင်းဖြင့် အမေ့ရှိရာ ဆေးရုံဝင်းအဝသို့ ရောက်လာသည်။ ဝင်းတံခါး ဂိတ်မှူးကို တောင်းပန်ဖို့ မျက်နှာမော့လိုက်ချိန် အမေ့ကို ဂိတ်နားတွင်တွေ့သည်။ ခုနက မြစ်ဖျားခံစပြုနေသော မိုးရေမြစ်က ပျားရည်မြစ်အဖြစ် ရင်ထဲ ဖြတ်သန်းလေသည်။

အမေ ကြိုရောက်ပြီး ပြောထားနှင့်ပုံရသည်ပဲ။ အမေ့ကို ပြုံးကြည့်ရင်း အမေက လွယ်အိတ်နဲ့ ဆွဲခြင်းကို ယူသည်။ တကိုယ်လုံးနီးပါး မိုးရေရွှဲနေသော သူ့ကို အင်္ကျီလဲရန် ပြောပြီး ဆေးရုံလူနာဆောင် အိမ်သာခန်းတွင် သွားလဲခိုင်းသည်။ သူ လဲပြီး ပြန်အထွက်လာမှာ အမေက လွယ်အိတ်ထဲက စာအုပ်တွေကို ခြောက်အောင် လုပ်ပေးနေသည်။ ညီမလေးနှင့်မောင်လေးက တစ်ယောက် တစ်ကုတင်စီ ဆေးပိုက်တန်းလန်းဖြင့် အိပ်နေကြသည်။

ဘယ်အချိန် ဆေးရုံက ဆင်းရမည်လဲ။ မသိပေမယ့် ဒီအခိုက်အတန့်လေးကို ဆွဲဆန့်ထားချင်သည်။ အဖေနှင့် တွေ့ရမည်ကို စိုး၍ ဒီဆေးရုံမှာ အချိန်ကြာကြာ နေချင်သည်။ ကျောင်းသွား ကျောင်းပြန် ပြီးလျှင် ဆေးရုံကိုလာ။ ဒီခရီးက သူ့အတွက် ဝေးပေမယ့် အဖေ့နှင့် ဝေးဝေးမှာ နေရသဖြင့် နားမပူရ။ အမေ့နားရှိရသဖြင့်လည်း စိတ်ချမ်းသာရသေးသည်။ စာမရလျှင် အမေနားလည်သလောက် ရှင်းပြမည်။ ပြီးလျှင် အမေနှင့် တူတူ ထမင်းစားပြီး အမေ့နား ကပ်သီးကပ်သပ် ကွေးအိပ်ရတာကိုလည်း သဘောကျသည်။

တခါတရံတော့ အဖေ ဆိုက္ကားသိမ်းပြီးချိန် ရောက်လာတတ်သေးသည်။ သူ ရောက်သည့်အချိန်တောင် ဆေးရုံဝင်းတံခါး ပိတ်နှင့်ပြီမို့ အဖေရောက်လာချိန်တွင် မည်သို့ပြော၍ ရောက်လာရသည်မသိ၊ အဖေရောက်လာလျှင်တော့ အပြင်ဘက် ထိုင်ခုံရှည်မှာသာ ထိုင်လျက် အဖေ့နားမှာ အိပ်ရသည်ပေါ့။ ဒီအခါ အဖေ့နားမှာ ရှိရသည့် ထုံးစံအတိုင်း စာမကျက်ရချေ။ မနက်ကျရင် အဖေနှင့်တူတူပြန်ရသည်။ ခါတိုင်း သူပြန်နေကျလိုမျိုး လာခဲ့သည့်လမ်းအတိုင်း မဟုတ်တော့။ အနည်းငယ် လှမ်းသော လမ်းဘက်မှ အဖေ့ဆိုက္ကားဖြင့် ပြန်ရသည်လေ။

အဖေနှင့် အတူရှိချိန်များထဲတွင် ဆေးရုံမှ အိမ်သို့ တူတူပြန်ရသော ထိုအချိန်ခဏလေးကိုသာ မက်မောလှသည်။ အဖေ အရက်မသောက်ရသေးသဖြင့် သူ့ကို ဆိုက္ကားပေါ်တင်ရင်း ကြည်ပြုံးစွာ စကားပြောနေတတ်သော အဖေ့မျက်နှာကို ကြည့်မဝချင်။ ကျန်အချိန်များတွင်တော့ အဖေ့နား မနေချင်လှ။ မတည့်အတူနေသော သားအဖ ဖြစ်ပါသည်။

အိမ်ပြန်ရောက်လျှင် ကျောင်းသွားဖို့ ပြင်ဆင်ပြီး အဘွားပြင်ပေးသမျှ စားကာ ညီမလေးနှင့် ကျောင်းသွားမည်။ ကျောင်းခန်းထဲ တတ်နိင်သလောက် မှတ်ရမည်။ မရှင်း၍ ပြန်မေးရန် လူမရှိသော သူ့မှာ ကျောင်းစာသင်ချိန်သာ အားထားရသည်။ သူ စာတတ်ချင်ပါသည်။ ညီမလေးနှင့်မောင်လေးကို ကုပေးနေသော ဆရာဝန်ကြီးများလို ဖြစ်ချင်လှသည်။ ဆရာဝန်များရှိလို့သာ မောင်လေးနှင့်ညီမလေး အသက်ရှင်နေရခြင်းဖြစ်သည်။ ပိုက်ဆံကို ခြစ်ခြုတ်ရှာနေရသော ဘဝထဲကမို့ ဆေးကုစရာ ငွေမရှိသည့်အချိန်တွင် ထိုဆရာဝန်များ၏ စေတနာတို့ကြောင့် ညီမလေးနှင့်မောင်လေး ဆေးကုခွင့်ရခဲ့ရသည်။ သူ ဆရာဝန် ဖြစ်ချင်ပါသည်။ လူနာများကို မရွံမရှာ ကိုင်တွယ် ပြုစု ကုသပေးတတ်သော၊ မျက်နှာချိုသော၊ ကြင်နာတတ်သော ဆရာဝန်များကို လေးစား အားကျလှသည်။ ခုချိန်မှာတော့ စိတ်ကူးကို စိတ်ကူးထဲတွင်ပင် ထားရဦးမည်သာ…..




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, April 22, 2011

နွေ

ရိုးတံကျဲကျဲ
ပင်အိုတွေ အလှကိုယ်စီ တွဲလို့
အသွေးမကွဲတော့တာက
အဝေးက လိပ်ပြာနဲ့ အနီးက ရွက်ဝါ။
ဖူးပုရစ်အစီအရီနဲ့
လွမ်းဘွဲ့တွေ ညီခဲ့တာ
ချစ်စရာ့ ဒီနွေ
သစ္စာရယ် မဆိုခဲ့ပါဘဲ
နွေဆိုတာ ပူနေဖို့ချည်းသာပ။
ဥသြ နဲ့ နွေ
ဘယ်သူပြိုင်လို့ ဘယ်သူနိုင်နိုင်ပေါ့။
တစ်နှစ်ထက် တစ်နှစ်တိုး
အန်တုဖို့လည်း အခက်ဆိုး
အပူနဲ့ အငွေ့စပ် ဒြပ် ဖြစ်ပေမယ့်
မတတ်သာတော့ လှုပ်ခတ်တာကပဲ ပိုပိုတိုးလာတယ်။
နွေအလှကို ဘယ်သူဖျက်
ဘယ်သူစွက်လိုက်လို့ နွေပျက်
နွေကကြိုးဆက်ဖို့ ခက်ပြီ။
ချစ်စရာ ဒီနွေထဲ
အနှစ်နှစ်အလီလီ ဖြတ်သန်း
ဆက်လှမ်းဖို့ နွေ လှပါရစေ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်