မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label ကဗျာလိုလို. Show all posts
Showing posts with label ကဗျာလိုလို. Show all posts

Thursday, September 15, 2011

ရွာမယ်ဆိုရင်...

ဘယ်ရာသီပဲပြောင်းပြောင်း

မဟောင်းတာက သစ္စာ..ဆို။

ဆုံတွေ့ ကြုံကွဲ

မလွဲတာက သစ္စာ…ဆို။

ပျော်လည်း မဟူ

ငိုလည်း မခွဲ

တွဲလက်မြဲမယ့် သစ္စာ…ဆို။

စိုသာ စိုပစေ့ ။

ငိုစေမယ် မဟုတ်ပါဘူးလို့

သစ္စာဆို အခိုင်ခိုင်ချည်(ပေမယ့်)

ဘယ်အရာကို မဏ္ဍိုင်တည်လို့

ဘယ်မှာများ မည်ခဲ့တာပါလိမ့်။

မပီတဲ့ သရုပ်နဲ့ ဟန်လုပ်

ပြန်မရုပ်ပေမယ့် အဆန်လှုပ်နေတဲ့ ခြေနဲ့

နွေဆို နွေ

မိုးဆို မိုး

ဆောင်းမှာတောင် မသိုးဘူးလို့ဆိုတဲ့

သူ့သစ္စာတရားအတွက်

ဒီတခါရွာပေးရရင် ငါက ဓားပါ ရွာတတ်တော့မယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, July 30, 2010

အရိပ်အို

ဒီအရိပ်လေးထဲ
ဝဲရင်း ဝဲရင်း စုပ်မြုပ်ပါ
မရဲတတ်ခဲ့တာလည်း ကြာပေါ့။
လျှိုမထွက်ချင်ဘဲနဲ့
ခိုလည်း ခိုခဲ့ချင်ပါရဲ့....
ပြိုမယ်ဆို ကြိုငိုထားခဲ့မှာပါ။
ဒီအရိပ်လေးကိုပဲ
မေ့မေ့မောမော ငေး
ပြည့်ပြည့်သောသော ထွေးလိမ့်မယ်လို့(လည်း)
တွေးခဲ့ဖူးတာပေါ့။
အကိုင်းအခက်မပါ
အရွက်ပါး သစ်တစ်ပင်မှန်း
တိုင်းထက်မသိ
ဆက်မှားရပ်မိနေတုန်းလေ။
လေအဝှေ့ ပင်အယိမ်း
အရိပ်ပါးထဲ စုပ်မြုပ်လွင့်
ပင်စည်နား ခိုဖို့ငဲ့
ကိုယ်တစ်ကိုယ်စာတောင်
အို.... မလိုတမာလို
ချိုခဲ့ သကာတွေတောင် ခါးသက်မျက်ရှ
နားခဲ့တာကိုပဲ အပြစ်ဆို
ထားခဲ့တာလည်း မဖြစ်လို
အရိပ်ကလေးကို သူဖြို။။။။
တကယ်မရောက်လေတဲ့
ဘယ် အမှောင့်တွေကြောင့် အရိပ်လေးကို ဖြို...
မရဲတတ်ခဲ့လေသမျှ
အမြဲလည်း ခက်နေခဲ့တဲ့ သံယောဇဉ်တွေနဲ့
အရိပ်ကလေးနား
တိတ်တိတ်ကလေး အို...........





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Monday, May 31, 2010

အဆိပ်သင့် မေ

အဆိပ်အပြည့်နဲ့
ခပ်ပြင်းပြင်း ခြွေချ
တစ တစ နဲ့ ကြွေ
အသက်မျှင်းမျှင်းလေးနဲ့ မေ။
ရေတွေကို သူ ခိုး။
အသက်တွေလည်း အစိုးမရတဲ့ မေ။
မိုးနည်းနည်းလေးနဲ့
မျှော်လင့်ချက်တွေထဲ မျက်ရည်မိုးတွေခြွေချ
အခါခါ မက,တော့ဘူး မေ။
ဘယ်ကာလက မှိုင်းမိခဲ့လို့
ခုများမှာ ဆက်တိုက် တိုင်းသိနေရတာလဲ။
မုန်တိုင်းတွေ ဆော့ပြေး
လေပြင်းတွေ ဒေါသူပုန်ထတယ်။
တို့မီး ရှို့မီး နဲ့ လောဘမီးတွေ တောက်လောင်
တို့ဝမ်းတွေ ခေါင်သထက်ခေါင်အောင်
သူ ဆောင်တတ်တယ်။
တစပြင်လို ခဏခဏဖြစ်ပြနေရမှာလား မေ။
ဒီမေထဲ
လဲမကျချင်ဘဲ လှဲချခံရ
မေဆိုတာ မေ မဟုတ်တော့သလိုပဲ။
မေ ဆိုတာ
ဖူးပုရစ်တွေ အစီအရီဖူးလို့
သူက ရာသီကို ကူး
အရင်ဦးတဲ့ လ ဖြစ်ခဲ့ဖူးတယ်။
ဒီအမိုက်တိုက်တွေထဲ
မေကို မမွေးခဲ့ပါဘဲ
ဒိနွေကို ဘယ်သူဆက်ထား
မေကို အရုပ်ဆိုးစေခဲ့တာလဲ။
ဘယ်လိုယတြာ ဘယ်လိုအထာတွေနဲ့
ချေ ချေ ချေလို့ ပြေပါ့မလား မေ။
နှလုံးသားမဲ့တာလား
အပြုံးတွေကို မငဲ့တာလား။
အမုန်းတွေပဲ ဖဲ့ဖဲ့ပေးနေတာလား မေ။
ခပ်ပြင်းပြင်းနဲ့ခြွေချ
တစ တစနဲ့ ကြွေနေရလို့
အသက်မျှင်းမျှင်းလေးနဲ့ ဒီမေက
အဆိပ်သင့် မေ ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, May 18, 2010

မလာသေးတဲ့ မိုး

တနွေလုံးကို
သူက အုပ်စိုး
ရိုးတံတွေ အပြိုင်းပြိုင်းဖြိုးအောင်
သူ အရပျိုးခဲ့တာလေ
မီးသင့်နေတဲ့ အလွမ်းတွေကတော့
ထပ်ပြီး ကျွမ်းစရာ
အနွမ်းတွေလည်း ခမ်းနေမှပဲ။။
ဘယ်နေရာမှာ တေ့လွဲနေလို့
ခုထိမျှော်ရင်း
အခေါ်တထောက်လေးတောင်
မပေါ်ပေါက်လာသေးတာလဲ။
တံစဉ်တွေလည်း ငို
အိုင်တွေလည်း ပြို
မြစ်တွေလည်း တိုလို့
ပက်ကြားတွေလည်း
ထပ်ထပ် အက်စရာ မြေမှ ပိုသေးရဲ့လား။
ရေတွေ ဘယ်သူခိုးသွားတာလဲ။
နွေကို ဘယ်သူတိုးသွားတာလဲ။
ဒီနှစ်တော့ ရေပြတ်လို့ အို...




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, February 12, 2010

ပြည်ထောင်စုနေ့



မနေ့တနေ့ကလိုပဲ
ဒီနေ့ကို ရောက်ခဲ့ရတာ
အခေါက်အတက်ရုန်း
ခြောက်ဆယ့်သုံးခါတောင်ရှိပြီလေ။
မြေပြန့်နဲ့ တောင်ပေါ်
အကြောင်းအချက်မပေါ်အောင် ညှိဖို့
ပင်လုံမှာ ပုံစံချ
၇ ချက်ကလေးနဲ့ ဆက်ရေးခဲ့တယ်။
ကြီးငယ်လူ မဟူ အကျိုးညီကြောင်း
ဒီနေ့နဲ့ အခိုင်အမာ သက်သေပြခဲ့တယ်။
လွတ်လပ်ရေးရဖို့လမ်းစ
သွေးစည်းဖို့ကို ဒီနေ့က မွေးဖွား
စိတ်ဓါတ်တွေ အားမာန်ပွားခဲ့ရတယ်။
ကိုယ်မမီပေမယ့် ကိုယ်သီခဲ့ရတဲ့ ဒီနေ့ကြိုးထဲ
ဝဲရင်း ဝဲရင်း စုပ် မြုပ် ပါ
ဒီနေ့ဟာ ဒီနေ့မှန်း
သိပ်တောင် မသိလိုက်ရသလိုပဲ။
ပြည်ထောင်စုနေ့အခမ်းအနား
လမ်းသလားနေတာ ကြာပြီ။
အရမ်းတရားတွေ မှန်းများနေခဲ့တာလည်း
ကြာပြီလေ။
ဒီနေ့ကို မှတ်မှတ်ရရ ကျော်မသွားတာကိုက
ကျေးဇူး အနန္တ(ဆိုရမလိုလို)
တခုတ်တရ မဟုတ်ပေမယ့်
လုပ်ပေးနေသေးသလောက်လေး
အရုပ်ရေးနေကြရတာက
ပြည်ထောင်စုဖွားများ။
စိတ်မှာ တွေးဖန်
အမှန်သရုပ်တွေနဲ့ မျှော်မှန်း
ပြည်ထောင်စုအသံ
ကြွေးကြော်သံ ညံမစဲကာမှ
ဟန်နဲ့ မာန် မနည်းလိုက်ပါနဲ့
ဆက်လျှောက်မည့်လမ်း။။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, September 26, 2009

ခဏ



ပြုံးချင်နေတဲ့ ဆန္ဒနဲ့
ရှုံးပြီးရင်း ရှုံးနေတဲ့ ဘဝမှာ
အတုံးအရုန်းလဲကျရတာလည်း
ခဏခဏပါပဲလား။
အနုသယ မကင်းသမျှ
သမုဒယ တင်းရတာမို့
ဝေခွဲမရစွာ
တွေဆဲ ခဏမှာ
သေလည်း ခဏသာ။



အလုပ်မအားတော့ လူက ခဏလေးဖြစ်ဖြစ် သေချင်စိတ်ပေါက်ပေါက်နေတယ်။ တွေးမိတွေးရာ တွေးရင်းတောင် သေတာတောင် ခဏလေးပဲ သေချင်နေသေးတော့ ဒီကဗျာလေး ရေးဖြစ်တာပါပဲ။ ဟုတ်တယ်နော်။ ဘယ်နှခါပဲသေသေ အနုသယ မကင်းသမျှတော့ ခဏခဏလည်း သေနေရဦးမှာပဲ။ သေလည်း ခဏပဲ သေရမှာပါပဲ။ နောက်ထပ်တွေမှာ အသက်ဆက်ချင်နေသေးတာကိုက လူ့အတ္တ......