မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, September 7, 2009

ဆန္ဒ

အပိုင်းအစတွေနဲ့
ကျိုးပဲ့ကြွေမွ
ဘဝက မလှလေသမျှ
ပွေ့ယူကာ ထွေးပိုက်(တဲ့)
ချစ်သူ့လက်ကို ကျွန်မ နမ်းရှိုက်ခွင့်ရချင်တယ်။
သူ့ရင်ခွင်ဟာ အိုမင်းရင်း
ကျယ်ပြန့်ခြင်းတော့ မရှိပေမယ့်
ခိုဝင်ချင်စရာတော့ ကျွန်မ ရှာတွေ့ချင်တယ်။
ကောင်းကင်မှာ ကြယ်တွေလင်းတယ်။
မှောင်မဲတဲ့ အနာဂတ်ထဲ
ကြယ်တွေထက် ပိုလင်း
သူ့အလင်းရောင်နဲ့ ကျွန်မ ဆက်လျှောက်မယ်။
သူ့အကြည့်က အင်အား
သူ့အပြုံးက စွမ်းအင်တွေနဲ့
ဘဝတဆစ်ချိုးတွေကို ကျွန်မ ဖြတ်ကျော်ချင်တယ်။
သိုဝှက်ထားတဲ့ သစ္စာတရား
သူ့နှလုံးသားမှာ အခိုင်အမာ
ကျွန်မ ရှာတွေ့ချင်ပါတယ်။
လေပြည်တွေထဲ ပန်းတွေနဲ့အတူ
သူ့ရနံ့ကြောင့် ပိုသင်း
ကျွန်မချစ်ခြင်းက ကမ္ဘာကို ပိုလှစေမယ်။
ရေညှိလိမ်းတဲ့ အကြည့်စိမ်းစိမ်းတွေ
ခွဲခွါရခြင်း သင်္ကေတ
မုန်းတီးခြင်း ဝေဒနာ
အသူတရာ ချောက်နက်ထဲ လွှင့်ပစ်ကြမယ်။
ပန်းခင်းတဲ့ လမ်း မလိုပါဘူး။
ပန်းတွေကို ရှပ်တိုက်ပစ်လို့
ချစ်သူပြုံးရင်တော့
ငေးပဲ ငေးကြည့်နေချင်တဲ့ ကျွန်မ
သံသရာ ခရီးရှည်သမျှ
အချစ်တို့ဖြင့် လိုက်ပါ
ငြိမ်းအေးတဲ့ မေတ္တာကမ္ဘာမှာ ကျွန်မ ရှင်သန်ပါရစေ။





လူက ကိုယ့်ဘာကိုယ်ရေးပြီး အတော်ပီတိဖြစ်နေတယ်။ ဟိဟိ တနေ့လုံးလည်း အူမြူးနေတယ်လေ ။ ဝက်ဝံလေးက ပျော်အောင်နေပါတဲ့ ။ မေလေး နေ့တိုင်းပျော်ပါတယ်။(ဒါပေမယ့် လမင်းလိုပေါ့)ကျေးဇူးပါနော်။