မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, May 31, 2010

အဆိပ်သင့် မေ

အဆိပ်အပြည့်နဲ့
ခပ်ပြင်းပြင်း ခြွေချ
တစ တစ နဲ့ ကြွေ
အသက်မျှင်းမျှင်းလေးနဲ့ မေ။
ရေတွေကို သူ ခိုး။
အသက်တွေလည်း အစိုးမရတဲ့ မေ။
မိုးနည်းနည်းလေးနဲ့
မျှော်လင့်ချက်တွေထဲ မျက်ရည်မိုးတွေခြွေချ
အခါခါ မက,တော့ဘူး မေ။
ဘယ်ကာလက မှိုင်းမိခဲ့လို့
ခုများမှာ ဆက်တိုက် တိုင်းသိနေရတာလဲ။
မုန်တိုင်းတွေ ဆော့ပြေး
လေပြင်းတွေ ဒေါသူပုန်ထတယ်။
တို့မီး ရှို့မီး နဲ့ လောဘမီးတွေ တောက်လောင်
တို့ဝမ်းတွေ ခေါင်သထက်ခေါင်အောင်
သူ ဆောင်တတ်တယ်။
တစပြင်လို ခဏခဏဖြစ်ပြနေရမှာလား မေ။
ဒီမေထဲ
လဲမကျချင်ဘဲ လှဲချခံရ
မေဆိုတာ မေ မဟုတ်တော့သလိုပဲ။
မေ ဆိုတာ
ဖူးပုရစ်တွေ အစီအရီဖူးလို့
သူက ရာသီကို ကူး
အရင်ဦးတဲ့ လ ဖြစ်ခဲ့ဖူးတယ်။
ဒီအမိုက်တိုက်တွေထဲ
မေကို မမွေးခဲ့ပါဘဲ
ဒိနွေကို ဘယ်သူဆက်ထား
မေကို အရုပ်ဆိုးစေခဲ့တာလဲ။
ဘယ်လိုယတြာ ဘယ်လိုအထာတွေနဲ့
ချေ ချေ ချေလို့ ပြေပါ့မလား မေ။
နှလုံးသားမဲ့တာလား
အပြုံးတွေကို မငဲ့တာလား။
အမုန်းတွေပဲ ဖဲ့ဖဲ့ပေးနေတာလား မေ။
ခပ်ပြင်းပြင်းနဲ့ခြွေချ
တစ တစနဲ့ ကြွေနေရလို့
အသက်မျှင်းမျှင်းလေးနဲ့ ဒီမေက
အဆိပ်သင့် မေ ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, May 22, 2010

ငါ နဲ့ နှလုံးသား

မခေါ်ရက်လို့ပဲ ဆိုဆို
မခေါ်ချင်လို့ပဲ ချန်ချန်
ကျန်ခဲ့ရတာ အသေအချာပါပဲ။
တနေ့တရက်လေးနဲ့
ဖွဲ့ခဲ့တာ မဟုတ်တဲ့
ဒီပြဇာတ်ထဲ
ငါ ဘယ်နှခန်း ရပ်ရပ်နေရဦးမလဲ။
ဘယ်သူ့ရဲ့ ဇာတ်ညွှန်းမို့
ငါက သရုပ်ခွဲ
ပီပြင်အောင် ကပြနေရတာလဲ။
မျက်ရည်နွေးနွေးနဲ့ ငါ
မိတ်ဖွဲ့ရှင်သန်
အပူသဏ္ဍာန်တောင် မူမမှန်ချင်တော့ဘူးလေ။
ကြိုးဆွဲရာ က'ချင်ခဲ့ရင်း
ကြိုးဆွဲမယ့်လက်တစုံ
ခက်ကုန်အောင် ငါ ပြုခဲ့မိသလား။
အချစ် အလွမ်း အမျက်နဲ့
နှစ်နဲ့ချီစတမ်းဆို
ငါ ချစ်တတ်ခဲ့တာ....
ကြာ...ပြီထင်တယ်။။
ခုတော့....
သူစေရာ မစေနိုင်ဖို့
ဟောဒီပြဇာတ်ထဲ
တိတ်တဆိတ် ပုန်းဝင်
ငါ ခဏတော့ဖြစ်ဖြစ် မုန်းကြည့်ချင်တယ်။
သူ့ကြေးမုံထဲ ထင်တဲ့ပုံရိပ်
စိတ်အတိတ်ကိုလည်း လွှင့်ပစ်ချင်တယ်။
ချင်ရင်း ချင်ရင်း
ဒီဇာတ်လမ်းကိုပဲ ကျောရိုးမလွဲ
သရုပ်ခွဲနေခဲ့ရတာပါ့။
ဘာပဲဖြစ်ဖြစ်လေ....
တနေ့တရက်လေးနဲ့
ဖွဲ့ခဲ့တာ မဟုတ်တဲ့
ဒီပြဇာတ်ထဲ
မခေါ်ရက်လို့ပဲ ဆိုဆို
မခေါ်ချင်လို့ပဲ ချန်ချန်
ကျန်ခဲ့ရတာတော့ အသေအချာပါပဲ။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, May 18, 2010

မလာသေးတဲ့ မိုး

တနွေလုံးကို
သူက အုပ်စိုး
ရိုးတံတွေ အပြိုင်းပြိုင်းဖြိုးအောင်
သူ အရပျိုးခဲ့တာလေ
မီးသင့်နေတဲ့ အလွမ်းတွေကတော့
ထပ်ပြီး ကျွမ်းစရာ
အနွမ်းတွေလည်း ခမ်းနေမှပဲ။။
ဘယ်နေရာမှာ တေ့လွဲနေလို့
ခုထိမျှော်ရင်း
အခေါ်တထောက်လေးတောင်
မပေါ်ပေါက်လာသေးတာလဲ။
တံစဉ်တွေလည်း ငို
အိုင်တွေလည်း ပြို
မြစ်တွေလည်း တိုလို့
ပက်ကြားတွေလည်း
ထပ်ထပ် အက်စရာ မြေမှ ပိုသေးရဲ့လား။
ရေတွေ ဘယ်သူခိုးသွားတာလဲ။
နွေကို ဘယ်သူတိုးသွားတာလဲ။
ဒီနှစ်တော့ ရေပြတ်လို့ အို...




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်