မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, October 8, 2011

ကြေကွဲတေး

အသက်တွေ ကြီးလာမှ

အချိန်တွေက တန်ဖိုးပိုကြီးလာ

ကျကွဲသွားတဲ့ အိပ်မက်တွေအတွက်

ဘယ်သူမှ လျော်ကြေးပေးမှာ မဟုတ်ဘူး။

ပုံမှန်အသက်ရှုနေရုံနဲ့

ဘဝကို ထုဆစ်လို့ရမယ် ထင်သလား...

ရွှေဖြစ်ကြောင်း သက်သေပြဖို့

ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ဘူး။

လွဲချော်မှုတွေနဲ့ နေသားကျဖို့

ပြောင်းလဲခြင်းကို လက်ခံရလိမ့်မယ်။

မျှော်လင့်လို့ မသင့်တဲ့အရာကို

မျှော်လင့်နေတာလောက်

နာကျင်စရာ ကောင်းတာ ရှိပါဦးမလား။

ဖြစ်ချင်တဲ့ ဆန္ဒတွေ များနေပေမယ့်

လမင်းက

ကမ္ဘာတခြမ်းမှာပဲ အမြဲသာနေတော့

ဘုရားရှိခိုးတိုင်း

ဆုမတောင်းဖြစ်တာ ကြာ.. ပြီ..။






















စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Wednesday, August 24, 2011

စိုးစိတ်


အဆင်း သာမည

မဝင်း မဝါလှပေမယ့်

အချင်း ပဓာနမို့

သင်းပျပျရနံ့သွေးကြွယ်လျက်

မြေသနင်းမှာ ကျရပေသည့်

အို.... ခရေငယ်။

ရေ ဘယ်ဆီ မှန်း... တမ်းစရာ မလိုပေဘု

အိုနေလုရင်သော်မျှ

တပွင့်ချင်းစီ တကိုင်းချင်းဆက်

ခက်လက်ဝေဆဲ

ကြွေဆဲ ခြေရင်း

ဒီလမ်းထက်ဆင်း... ခင်းမြဲပါလေ။

ယွင်းလဲ ရာသီ

အခါမမီရင်ဖြင့်

မသာမကြည် ထွေးသူ့ရင်မှာ

ကဗျာမပီမှာ စိုးမိတယ်။






စာဖတ်သူ မေ
ာင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Thursday, July 14, 2011

မေ့ချင်တယ်

အပြစ်ရယ်လို့

မြှုတမှုံမျှ မဆိုပေမယ့်

ငိုချင်အောင်တော့ လက်ပြခဲ့တာပဲလေ။

ခပ်ဖွဖွ ချခဲ့ရတဲ့ ပင့်သက်တွေကြား

မင်း ပြန်လာမလား

တစ တစ မျှော်လင့်မိချင်ရဲ့။

ခေါ်ခွင့်ရှိရင်တော့

ခဏလေးဖြစ်ဖြစ် ငဲ့ကြည့်ပေးခဲ့ပါ။

ခွဲရမယ်ဆိုတိုင်း

အသင့်မဖြစ်နေတဲ့ ငါ…။

သမုဒယနွံထဲ

ကျွံ မနစ်ချင်ပါဘူးကွယ်။

ဥပေက္ခာတရားကို အဖော်ပြု

နှလုံးသားကို အဖေးတက်အောင်

ခပ်ပါးပါးလေး ထုဆစ်ပြီးတဲ့အခါ

ခုလိုလေး နင် ချစ်ခဲ့တာကို ငါ မေ့ထားချင်လို့ပါ။







စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Monday, December 27, 2010

အရောင်တွေနဲ့ ရေးတဲ့ကဗျာ











ကင်းဘတ်ဖြူ တချပ်
ဆေးတစ်ခွက်နဲ့
စုတ်ချက်တွေဆီ သွားမယ်။
အာရုံကိုနောက်ခံ
အပြောက်နဲ့ အကြည်
အပီနဲ့ အလင်း
ထင်းနေတဲ့ အမှောင်တွေကြား
လျားလျားညီအောင် မြင်ရမယ်။
အထင်ကရ အရိပ်တွေထဲ
အတိတ်တွေလည်း မျောပါ ..... ဗလာဆိုတာလည်းရှိ
သမ္ဘာတွေလည်း မထိတထိလေ။
ခေါင်းညိမ့် ခေါင်းခါ လက်ပြ ပြုံးဖို့ ဝေးလို့
ဟန်ပြတွေလည်း သုံးစရာမလို
ဆေးစက်တွေထဲကို ဝင်
စုတ်ချက်နဲ့ အသက်ရှင်
ပြေ... ရင့် ... ဖျော့ ... ပြင်း ..
စင်းနေအောင် ဝပ်ဆင်း
စာတစ်လုံးမှ မခင်းဘဲနဲ့
အရောင်တွေနဲ့ အသက်သွင်း
ဟော.. ဒါ လည်း ကဗျာပါပဲ....။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Sunday, December 19, 2010

ဝတီဧရာ

မေခနဲ့ မလိခ ရောလို့

ချင်းတွင်းနဲ့ ပေါင်းဆုံ

ဒီနေရာမှာ ဧရာတဲ့…။

တငြိမ့်ငြိမ့်စီးရင်း

လှုပ်လီလှုပ်လဲ့ အပျိုမလို

မာန်မများ ဟန်ထွားထွားနဲ့လေ…။

အပြောကျယ်စွာ ဝပ်ဆင်း

သူ မသိတဲ့ဟန်နဲ့

ဥာဏ်များတာလည်း သူပဲမို့…

မာယာများတယ်ရယ်လို့

တခုတ်တရ စွပ်စွဲ

သူကတော့ မာန်ဖြည့်လျက် ဝဲဆဲပါပဲ..။

သူ့ရင်ခွင်ထဲ

အပျော် အလှ ခရီးသည် ကုန်

စုံနေအောင် တင်ရင်း

တရွေ့ရွေ့လေး ဝေ့ဝိုက်

သူ အိပ်တောင်မငိုက်ရဲခဲ့ပါဘူး…။

ဝဲကတော့တွေ တရှဲရှဲအော်လို့

လှိုင်းတွေလည်း ငိုချင်းချ

သူကတော့ မာန်မချ

သူ့ဘဝကို သူ့ပင်လယ်ထဲ ရောက်အောင် ပြေးနေလေရဲ့။

ရိုးမ တောင်တန်းတွေကို ချစ်တယ်။

နှင်းဖွေးဖွေးတွေထဲ ဖြတ်ရင်း ဖြတ်ရင်း ပြေးမယ်။

အညာမြေကလေးမှာ တထောက်နားရတာလည်း ဟန်ကျ။

ရန်ကုန်လို မာန်မဟုန်သေးတဲ့

ဒီမြို့လေးကို လက်တံတွေနဲ့ ဖြာဆင်း

သူ နှုတ်ဆက်တော့ ဟိုးးးး အဝေးက ကပလီပင်လယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, November 30, 2010

နာကျင်စွာဖြင့် သို့မဟုတ် နာကျည်းစွာဖြင့်

ဇူလိုင်မဟုတ်ပါဘဲ

အလွမ်းမိုးတွေ သည်းဖို့

ချစ်ခြင်းတွေ စတည်ခဲ့တာ

ဒီလို နိုဝင်ဘာမှာလေ။

နွေးထွေးစွာ ချိုမြ

သူ့အပြုံးတွေ အောက်မှာ

ပီကေတစ်ခုလို အချို ရှိသလောက်

ဝါးချေစေချင်ခဲ့တာပ။

ရသာကုန် ထွေးမဟုန်သေးပါဘဲ

တဖောက်ဖောက်မြည်

သူ ပူဖောင်း မှုတ်ပြန်သည်(လည်း)

ဆန္ဒ ဆိုတာ

ကိုယ် မသိတဲ့ ဝေါဟာရလို

ငြိမ်ဆိတ် ကြေမွ ပေးခဲ့သည်ပဲ။

ရှိပါစေလေ။

ထားခဲ့ချင်မှတော့

ဖြစ်တဲ့နည်းနဲ့ နေရစ်မှာပါ။

တစ်ယောက်တည်း ဆိုတဲ့ ခရီး

ခါးသီးလွန်းရင်တောင်……

တွဲထားဖူးတဲ့ လက်တွေအတွက်

တသသ တမ်းတမိရင်တောင်……

အသတ်ခံခဲ့ရတဲ့ မျှော်လင့်ချက်တွေနဲ့

နာလန်ထူဖို့ ခက်ခဲခဲ့ရင်တောင်……

မနက်ဖြန်ဆိုတာတွေကို

နှလုံးသား မပါလည်း

မာန တခုတည်းနှင့် ဆက်လက်ရင်ခုန်မယ်။

ရူးမတတ် မက်မောမိပေမဲ့

အဲဒီ ရင်ဘတ်က ရှောင်ဖယ်ရက်တဲ့အခါ

တွယ်ကပ်ပြီး ရှေ့ ဆက်ဖို့အထိတော့

ဘဝကို ခဝါ မချရက်ဘူးလေ…။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, November 27, 2010

ရွှေပြည်တော် ခေါ်တဲ့ တေး

အသိုက်ပျောက်တဲ့ ငှက်က
အသိုက် ဆောက်မယ့် အိပ်မက်ကို မက်ရင်း
သက်ပြင်းတွေ လူးလား ခေါက်တုံ့
သရုပ်ဆောင် မကောင်းတဲ့ ဇာတ်ရုပ်လို
ဒီအိမ်ဝေးတဲ့ အခန်းမှာ
မေမေ့ကို လွမ်းတယ်.....
လောကဓံ အနမ်းတွေ အောက်မှာ
ကိုယ့်ဘဝ ကိုယ်စောင့်ရှောက်လို့
ဒုက္ခ ရသတွေ အကြောင်း
မေမေ့ကို
ဟာသမြောက်အောင် ပြောပြရဦးမယ်.....
အနန္တငါးပါး အမှီနဲ့
မညီတဲ့ လမ်းတွေ လျှောက်နေချိန်မှာ
မေမေရေ...
ရွှေပြည်တော်က အိပ်ရာဝင်တေးတွေနဲ့
မျှော်တိုင်း ဝေးမှာ တွေး ကြောက်ပါရဲ့.........။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, September 28, 2010

ကာရံမညီ

-ဗီးနပ်စ် တဲ့
မီးဖိနပ်ကို စီးရတဲ့ ကချေသည်
သူ့အတွက် တီးလုံးကိုတော့
မိုးလေး နည်းနည်း အုံ့ပေးကြပါ။

-ကိုယ့်မြင်း ကိုယ်စိုင်းခဲ့တာပဲ။
ဘယ်အုတ်တံတိုင်းကို တွေ့တွေ့
ကွေ့ ဖြတ်ကျော်မယ်။

-ရနံ့ မရှိရင် ပန်း မဟုတ်ဘူးလို့တော့
တဖက်သတ် မပြောလိုက်ပါနဲ့။
လမ်းလျှောက်ထွက်လာသူတွေ
ငါ့ ရင်ထဲက စာတန်း တွေ့ မသွားကြဘူး။
…….လွမ်းမိတယ်……။
-တကယ်တော့
ကမ္ဘာ လောကကြီးဆိုတာကိုက
အကြိမ်ကြိမ် အကယ်ဒမီရနေတဲ့
ဂန္တဝင်မြောက် ရုပ်ရှင်ကားလေ။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, September 24, 2010

စိတ်စေရာ

-စိတ် အဆာမပြေတဲ့အခါ
လိပ်ပြာတွေလည်း မသန့်
အိပ်ရာတွေလည်း တွန့်ကြေမွတယ်။
-လူးလွန့်ခြင်းရဲ့ ရသဟာ
သမုဒယတွေကို ပွေ့ဖက်
မေ့ကွက်တွေကို ဝေးစေတာပေါ့။
-မမေ့လောက်တဲ့ သူတွေအဖို့
ဝေးခဲ့လည်း နီးသထက် နီး
ဟောသလို….
ကတ်သီးကတ်သတ် လဝန်းကလေးနဲ့
နွေးထွေးရတဲ့ ညအဆင်းမှာ
မပျင်းနိုင်ပါဘူးကွယ်။
-ဒီလိုနဲ့
မငြင်းနိုင်တဲ့ ပုစ္ဆာတွေကို
တစ်ပုဒ်ပြီး တစ်ပုဒ် ထုတ်
ရုပ်ကမ္ဘာထဲ ချကြည့်
(အင်းးး)
ခုထိတော့ ချောချောမောမော ရှိတုန်းပါပဲ။။။။








စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Sunday, September 12, 2010

အကျွံ

သောက အစွန်းအပေတွေနဲ့
မသေသပ်ခဲ့သမျှ
မနေတတ်ခဲ့တဲ့ ငါ
ဇာတ်လမ်း ကြိုသိစေတဲ့အဖြစ်
ကြေညက်ခဲ့တာတော့ ကြာပြီ။။။။။။
ပြန်.....ပြန် ကျော့မိတဲ့
ပေါ့ပေါ့ဆဆ ညစိမ်းတွေ
သူ့လက်နဲ့ လာလိမ်းခြယ်နေသေးရဲ့..
မျက်လွှာချပုံလေးက
တကယ့် ယုန်အ တစ်ကောင်။
မာယာနဲ့ ပစ်အဖမ်းမှာ
ယောင်ယမ်းဇွတ်တိုး
မုဆိုးရဲ့ရှိုက်သံ သဲ့သဲ့
တောပြိုအောင် ဖွဲ့။။။။။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, May 22, 2010

ငါ နဲ့ နှလုံးသား

မခေါ်ရက်လို့ပဲ ဆိုဆို
မခေါ်ချင်လို့ပဲ ချန်ချန်
ကျန်ခဲ့ရတာ အသေအချာပါပဲ။
တနေ့တရက်လေးနဲ့
ဖွဲ့ခဲ့တာ မဟုတ်တဲ့
ဒီပြဇာတ်ထဲ
ငါ ဘယ်နှခန်း ရပ်ရပ်နေရဦးမလဲ။
ဘယ်သူ့ရဲ့ ဇာတ်ညွှန်းမို့
ငါက သရုပ်ခွဲ
ပီပြင်အောင် ကပြနေရတာလဲ။
မျက်ရည်နွေးနွေးနဲ့ ငါ
မိတ်ဖွဲ့ရှင်သန်
အပူသဏ္ဍာန်တောင် မူမမှန်ချင်တော့ဘူးလေ။
ကြိုးဆွဲရာ က'ချင်ခဲ့ရင်း
ကြိုးဆွဲမယ့်လက်တစုံ
ခက်ကုန်အောင် ငါ ပြုခဲ့မိသလား။
အချစ် အလွမ်း အမျက်နဲ့
နှစ်နဲ့ချီစတမ်းဆို
ငါ ချစ်တတ်ခဲ့တာ....
ကြာ...ပြီထင်တယ်။။
ခုတော့....
သူစေရာ မစေနိုင်ဖို့
ဟောဒီပြဇာတ်ထဲ
တိတ်တဆိတ် ပုန်းဝင်
ငါ ခဏတော့ဖြစ်ဖြစ် မုန်းကြည့်ချင်တယ်။
သူ့ကြေးမုံထဲ ထင်တဲ့ပုံရိပ်
စိတ်အတိတ်ကိုလည်း လွှင့်ပစ်ချင်တယ်။
ချင်ရင်း ချင်ရင်း
ဒီဇာတ်လမ်းကိုပဲ ကျောရိုးမလွဲ
သရုပ်ခွဲနေခဲ့ရတာပါ့။
ဘာပဲဖြစ်ဖြစ်လေ....
တနေ့တရက်လေးနဲ့
ဖွဲ့ခဲ့တာ မဟုတ်တဲ့
ဒီပြဇာတ်ထဲ
မခေါ်ရက်လို့ပဲ ဆိုဆို
မခေါ်ချင်လို့ပဲ ချန်ချန်
ကျန်ခဲ့ရတာတော့ အသေအချာပါပဲ။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Friday, February 19, 2010

ပန်းငုဝါ

မခူးချင်စမ်းပါနဲ့
အလှ မထူးပါဘူး
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ယိမ်းလှည့် ပွင့်ချင်။
ဘယ်သူ လာခူးပါလိမ့်
မျှော်လို့ဖြင့် သူ မနေ
တော်ဝင်နွယ် မဖြစ်လေတော့
သာသာယာ ပင်မြင့်ထက်မှာပဲ
မွှေးပျံ့အလှဆင်။
တိုင်းနယ် အနှံ့နှံ့မှာလ
ကိုင်းတည်းရယ် မပွင့်ချင်ဘု
မြင်တဲ့သူ အဖန်ငေးအောင်က
ပင်လုံးပွင့်ဝေ။
နှစ်ဦးခါမီ မြန်မကြာ ပွင့်ချင်ပါတဲ့
အသွေးတူ ပန်းတော်ဝင်ရယ်နဲ့
မရောက်ခင် အလျင်ဦးပါလို့
ပင်ယံထက် အပွင့်ထူးနေ။
ပွင့်သည်သာ ပွင့်သည်ပဲ
အပွင့်များလို့ ပန်း ဟုံ
ခပ်သာသာ ငေးကာ ငေးရင်း
ပန်းရယ်လို့ ခူးမယ့် လက် ရုန်။
မရာ မကြည် သာသည်ပေမယ့်
တစ်ရာသီတော့ဖြင့် ပွင့်ခွင့်ရသည်မို့
မယ်ငု ရင် ပျော်လေရစ်တယ်
မမော်ရဲ ပင်ယံထက်မှာ
ခေါင်းငုံ့လျက် ရဲ။

နွေဦးကို ခပ်ပါးပါးလေးကြိုနေရပြီမို့ ရေးဖြစ်ထားတာပါ။ ကျန်းမာပျော်ရွှင်ကြပါစေ။

စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, January 19, 2010

ဆောင်းတု

နွေဆိုရင် နွေပေါ့။
ခပ်ပြင်းပြင်း အပူခံဖို့
ရွက်ဝါတွေ ခြွေချဖို့
လေပူတွေ တသုတ်သုတ်ပြေးဖို့
ဟောဒီလမ်းမ ......
လှမ်းမရအောင် ကြမ်းဖို့
ပြီးတော့ နွေရဲ့တေးဆို ဥသြကိုခေါ်ဖို့
နွေသဏ္ဏာန် အပီအပြင် ငါ စောင့်နေပ့ါမယ်။
မိုးဆိုလည်း မိုး
လျှပ်ရိုးတွေ ပြိုးပြက်လင်းလို့
ကန်သင်းတွေ မြုပ်နေအောင် ဖွေး
တဂျိမ်းဂျိမ်းမြည်မယ့် ခြိမ်းသံကိုကြို
တစွတ်စွတ်ပဲ စိုစို
တဘဝလုံးပဲ ရွှဲရွှဲ
မိုးရေမြစ်ကလေးပဲ ဖြစ်ဖြစ်
မိုးရာသီထဲ ငါ ရှိချင်တယ်။
ခုတော့ ဆောင်းက
ဆောင်းရယ်မပီ
အေးတခါ နွေးတလှည့်
ဘယ်အချက်မှာ မိုးသည်းဦးမလဲ။
ခပ်ပါးပါးလေးမျှော်
နှင်းပွင့်တွေတောင် ငါ မခေါ်လိုက်ရဘူး
အေးတိအေးစက် ခြောက်ကပ်ကပ်နဲ့
ရာသီခါမီ စာနဲ့အညီ
ဘယ်သရုပ်ကို အပီအပြင်ဖော်
ဘယ်ကို ချော်သွားခဲ့တာလဲ။
မူမမှန် အပူသဏ္ဍာန်နဲ့
ပြန်မရနိုင်တဲ့အမှန်အကန် ဆောင်းကို
ငါ လွမ်းတယ်။








စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Monday, January 11, 2010

ပြိုခဲ့သည့်အိမ်

မြူတွေက ပါးပါး
မဝါးပေမယ့် မသဲကွဲ
အလဲလဲ ပြိုနေတဲ့ အဲဒီအိမ်ကလေးပေါ့
ငိုပေမယ့် အသံတိမ်နေတော့
ဖော့ထားတယ် ထင်ရတဲ့
မမြင်ရတဲ့ ဒီသံယောဇဉ်တွေထဲ
ပြန်မပြောချင်နေတဲ့ အတ္တတွေနဲ့
ခဏခဏ သေ။
နေမြင့်လေ အပူဝင့်လေ
ဖြေစရာကို ဖွေရင်း
အဲဒီအိမ်ကလေး နဲ့နဲ့ရင်းယိုင်
ခေါင်လား တိုင်လား
အကာလား အခင်းလား
ဘယ်အရာက အရင်စပြိုခဲ့လို့
ခုလို တစစီ လွင့်
တနင့်နင့်လေးတောင် လွမ်းခွင့်ဝေး။
ခပ်ညံ့ညံ့ လေနီကြမ်း
ဒီအိမ်ဝိုင်းထဲ ဝင်ရမ်း
သူ မငိုပေမယ့် အိမ်ကလေးကတော့ ပြို။
စကတည်းက ဖြိုစရာ မလိုအောင်
တိုထွာ တည်ခဲ့မိတာလား။
အခြေမယိုင်အောင် ဘယ်တိုင်က ခြစားနေခဲ့တာပါလိမ့်။
ခေါင်ကပြိုရင် မိုးယိုရုံပဲ
အကာကွာရင် အအေးမိရုံပေါ့
အခင်းပျက်ရင် မတ်တပ်နေမယ်
တိုင်မခိုင် ယိုင်ပြီးလဲတော့
အပြစ်ရယ် ဘယ်သူ့မှာမှ
တင်စရာ မရှိ။
အိမ်ကလေးရေ .......
ငါ မချိသွားဖြဲ ခပ်ပါးပါးလေးရယ်။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်