မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာ. Show all posts
Showing posts with label မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာ. Show all posts

Saturday, November 28, 2009

သောကခြေရာ ၅

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်။

အဆင် ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ငြိုယင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်။

သံယောဇဉ် ခွေကာရစ်ပေမယ့်
ပြန်ပြောရင် ဝေဒနာ ဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လည်း စိတ်ညစ်တယ်
သိပ်ချစ်တယ်လို့ မဆိုသာတော့။

ပါးစပ်က ပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တဝဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့။ ။


မမ SDL က မေးလို့ ပြန်တင်ထားပေးတယ်နော်။ ပြန်ဖတ်မိမယ်ထင်ပါတယ်။ မေလေးက ဆရာ့ကဗျာတွေကို ဒုတိယအကြိမ်ထုတ်မှာ ဖတ်ဖူးတာပါ။ ခု တခါ ပြန်ဖတ်ရတော့ ဆယ်ကြိမ်မြောက်တဲ့။ ကူးလည်းကူးထားဖြစ်တဲ့ ကိုယ်တိုင်လည်း ရူးတဲ့ ကဗျာတွေကို ချစ်တော့ ကိုယ့်လို ကဗျာချစ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Sunday, November 22, 2009

ရတနာ ၂

ရှိစေချင်သည်...
နားလည်မည့်သူ၊ အပူကိုမျှ
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ
စကားချိုမြွက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည့်နူး၊ နေဖူးချင်သည်...
သူက မေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက် မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်...
သူနှင်မည့်နေ့၊ တနေ့နေ့ကို
ရွေ့ရွေ့ဖြတ်သန်း၊ လမ်းအဆုံးတည့်
မသိမဟုတ်၊ ထိန်းချုပ်ကင်းမဲ့
လျှောက်ခဲ့ပြီလား၊ စကားပြောဖော်
ခံစားဖော်ဖြစ်၊ သူစိတ်ညစ်မလား
ဖြစ်ခဲ့သည့်ဝန်၊ ကိုယ်အလွန်ချည်း
နစ်ကျွံလင့်မျှော်၊ နားလည်သော်မှ
အဖော်တစ်သက်၊ မခေါ်ရက်ပါ
ပျော်လျက်ပျော်ရာ နေပါစေ...
သံယောဇဉ်များ
စကားအကြည့်၊ တွယ်ငြိထပ်ထပ်
ဖြေလျှောဖြတ်ခက်၊ လပ်ဟာမွတ်သိပ်
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်
မပြန်ချင်မိ၊ ရှိစေချင်သည်...
နားလည်မည့်သူ၊ အတူတကွ
အပူမျှလျက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည်နူး၊ နေဖူးလိုက်ချင်
စိတ်ကူးယဉ်သည် ... ။


ဆရာမောင်စိန်ဝင်(ပုတီးကုန်း)ရဲ့ကဗျာလေးပါ။ ခုလောလောဆယ်တော့ ကိုယ့်ရင်တွင်းနဲ့ ဒီကဗျာ အစပ်အဟပ်တည့်နေလို့ ဆရာ့ကဗျာကိုပဲ တင်ထားလိုက်ပါတယ်။ နောက်လည်း ဆရာ့ကဗျာများကို ဖြစ်နိုင်ရင် နည်းနည်းစီ တင်ဖြစ်ပါဦးမယ်။ ကဗျာလာအားပေးသော ချစ်မောင်နှမများ။ သူငယ်ချင်းများ ကျန်းမာပျော်ရွှင်ပါစေ။ အချိန်မရှိသေးတဲ့ မေလေးကိုလည်း နားလည်ပေးနေတာကို ကျေးဇူးတင်ပါတယ်နော်။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်