မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, August 3, 2010

ပြည်ကြီးဘာယာ

အခန်း(၁)
လမင်းသည် ထန်းတဖျားအမြင့်လောက်ပေါ်တွင် ဝိုင်းစက်ကာ စိတ်ချမ်းမြေ့စရာဖြစ်အောင် ထိန်လျက်ရှိနေပေသည်။ ထိုအခါတွင် မည်သူသည် မငေးဘဲ၊ မကြည့်ဘဲ နေနိုင်အံ့နည်း။ မည်သူသည် မချစ်ဘဲ၊ မလွမ်းဘဲ၊ မအံ့သြဘဲ နေနိုင်အံ့နည်း၊ ကျွန်ုပ်သည် လမင်းအား ငေး၍ ကြည့်၏။ လမင်းကလည်း ကျွန်ုပ်အား ငေး၍ ကြည့်နေ၏။ စကားဖြင့် မည်သူမျှ မပြောနိုင်။ အတန်ကြာသော် လေပြည်ကလေးသည် ကျွန်ုပ်ထံသို့ ညင်း၍ တိုက်လာလေသည်။
"ညီခင်...နောင်ကြီးကို ငေးစိုက်ပြီး ကြည့်နေတာ မညောင်းသေးဘူးလား၊ ငေးနေရုံနဲ့လည်း ဘယ်ပြီးဦးမလဲ၊ အချိန်ကုန်လှပါပကော။ ကျွန်ုပ်ကို ချစ်လို့ လွမ်းချည်း နေမယ်၊ အံ့သြချည်းနေမယ်ဆိုရင်လည်း အကျိုးမထူးလှပေဘူး။ သိပ်လည်း မလွမ်းနဲ့၊ သိပ်လည်း မအံ့သြနဲ့။ နောင်ကြီးလည်း ညီခင်တို့လိုပါပဲ၊ ညီခင်တို့က မြေပေါ်မှာ ခရီးသည်၊ နောင်ကြီးက ကောင်းကင်က ခရီးသည်၊ ခရီးသည် အချင်းချင်းပဲ၊ အချိန်တန်ရင် နားကြ၊ စခန်းချကြတာပဲ။ နောက် လမ်းသစ် ရှာကြစမြဲပဲ။ ဒီတော့ ညီခင်ဟာ နောင်ကြီးကို မငေးလွန်းနဲ့၊ မချစ်လွန်းနဲ့၊ မလွမ်းလွန်းနဲ့၊ မအံ့သြလွန်းနဲ့။ နောင်ကြီးပြောတာကို လိုက်နာပါ။ နောင်ကြီးဟာ စင်စစ် ကမ္ဘာဦးကတည်းက ဝိုင်းဝိုင်းစက်စက် ဖြူဖြူဖွေးဖွေးကြီး လှသော်လည်း မှန်တာကိုပြောတတ်တယ်၊ မှန်တာကို ပြောတယ်ဆိုတော့ နားခါးစမြဲပဲ။ ကဲ...ကဲ...မငေးလွန်းနဲ့၊ ဟိုမှာ ကြည့်စမ်း...ကြည့်စမ်း"
ညင်း၍ လာသော လေပြည်ကလေးသည် အညင်းရပ်သွားလေ၏။ ကျွန်ုပ်လည်း ဟောဟိုနေရာကို ကြည့်လိုက်လေသတည်း။

အခန်း(၂)

ကြည့်လိုက်သော နေရာတွင် များစွာသော ပြာဿဒ်တို့သည် မှိုလိုပေါက်လျက် ရှိကြလေသည်။ ၎င်းတို့အလယ်တွင် တောင်ပို့ပမာ မားမားမတ်မတ် မြင့်လွင်နေသော ဘုံကိုးဆင့် ပြာဿဒ်ကြီးလည်း ရှိလေသည်။ ပြာဿဒ်များ၏ ဘေးပတ်ပတ်လည်တွင် မြို့ရိုးကြီး ဝန်းရံလျက် ရှိသည်။ မြို့ရိုးကိုကျော်၍ မြင့်တက်နေကြသော ထန်းပင်များသည် နီလာရောင် ကောင်းကင်အခံတွင် ယပ်တောင်စိမ်းကလေးများသဖွယ် ထင်ကြကုန်၏။ မြို့ရိုး၏ အပြင်ဘက်တွင် ကျုံးမြောင်းကြီး ရှိ၏။ ထိုကျုံးကြီးမှာ မြို့ရိုး ပတ်ပတ်လည်ကိုသာ ဝိုင်းကြီးပတ်ပတ်လှည့်၍ စီးနေရရှာ၏။
ကျုံး၏ ကမ်းနံဘေးများတွင် ကြာပွင့်နီရဲရဲကလေးများသည် ကြာရွက်အဝိုင်းစိမ်းစိမ်းတို့ကြားမှ မြွေဟောက်ကလေးများ ပါးပျဉ်းထောင်နေသကဲ့သို့ သူ့အရိုးတံနှင့်သူ ထောင်၍ ပွင့်နေကြ၍၊ ကျုံးကမ်းစပ်ရေမျက်နှာပြင်များတွင် ဟင်္သပဒါးရောင် မြို့ရိုး၊ မြို့ရိုးပေါ်ရှိ တန်ဆောင်းဝါဝါကလေးများ၊ တန်ဆောင်း၏ နံဘေးရှိ ထန်းပင်စုစုကလေးများ၏ အရိပ်တို့သည် အညီအညွတ် စည်းဝေး၍ နေကြကုန်သတည်း။

အခန်း(၃)

အညင်း ရပ်သွားသော လေပြည်လည်း ပြန်၍ စ လာပြန်သည်။
" ညီခင်...အဲဒါဟာ ဘာယာပြည်ကြီး ဆိုတာပေါ့၊ ကြည့်လိုက်စမ်း... မြင်းမိုရ်တောင် ခြေရင်းမှ ငေါ၍ ထွက်နေသော အငူကလေးပေါ်မှာ ပက်လက်ကလေး တင်နေလိုက်တာ၊ ဘယ့်ကလောက် အံ့သြစရာကောင်းသလဲ။ နောင်ကြီးရဲ့ စိတ်ထဲမှာဖြင့် ဒီဘာယာပြည်ဟာ ဘေးဘက်ကို လိမ့်ကျသွားလိမ့်မယ်ချည်း ထင်မိတယ်၊ နို့ပေတဲ့ မကျပါဘူး၊ မကျဘူး။ ဒီလို ပက်လက်ကလေး တင်နေလျက်နဲ့ပဲ ကြီးပွားလာတာပဲ၊ ယုံပါမောင် ယုံပါ။ ဒီဘာယာပြည်နဲ့တကွ ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်းတို့ ဘာတို့ ညာတို့ဆိုတာများဟာ နောင်ကြီးရဲ့ မျက်စိအောက်မှာ ကြီးပြင်းလာကြတော့ သူတို့ရဲ့အကြောင်းကို နောင်ကြီး ကောင်းကောင်းသိတာပေါ့။
" အင်း.... စကားစပ်မိလို့ ပြောရဦးမယ်၊ ညီခင်တို့ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာ အလွမ်းသမားတွေ တယ်ပေါသကိုး။ မောင်တို့ ကျွန်းသားများဟာ တစ်စုံတစ်ခုကို ထွင်ပြီး လုပ်ကိုင်လိုက်ပလား ဆိုရင် စကြဝဠာတစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းတော့မလောက် လွမ်း လွမ်း နေကြသကိုး။
" ဒါတွေကို ကြားရ မြင်ရတော့ မောင်တို့ကျွန်း ပေါ်ကာစက ဘယ်လူမျိုးမဆို အယုတ်အလတ် အမြတ်မရွေး လိုချင်တယ်ဆိုရင် မျက်နှာမလိုက်ဘဲ ပေးတတ် ကမ်းတတ်တဲ့ ပဒေသာပင်ကြီးကို မြင်ဖူးခဲ့တဲ့ နောင်ကြီးမှာ ရယ်ချင်တာပေါ့ မောင်၊ ရယ်ချင်တာပေါ့။ မောင်တို့ ကျွန်းသာများဟာ တစ်ဖက်စီးနင်းတွေ များတယ်။ သူသာရင် ငါ နာ၊ သူ နာရင် ငါ သာ နေတာချည်းပဲ။ ပဒေသာပင်လိုတော့ ဘယ်သူ့ကိုမှ အယုတ်အလတ် အမြတ်မရွေး ချမ်းမြေ့အောင် မလုပ်ပေးနိုင်ဘူး"
လေပြည်ကလေးလည်း အညင်း ရပ်သွားပြန်လေသည်။ ကျွန်ုပ်လည်း ဟောဟိုနေရာကို ကြည့်လိုက်ပြန်သတည်း။

အခန်း(၄)

လေးထောင့်သ​ဏ္ဍာန်ရှိသော မြို့ရိုး၏ အပြင်ဘက်တွင် အိမ်ငယ်တို့သည် အများအပြား ခြံရံလျက် ရှိကြသည်။ ဘာယာ ပြည်သူပြည်သားတို့၏ ရပ်ကွက်များတည်း။ မြို့ရိုး၏ အမြင့်နှင့် နှိုင်းစာလျှင် အိမ်ငယ်တို့၏ အမြင့်မှာ မပြောပလောက်ချေ။ မြို့ရိုးကြီးများမှာ အခြံအရံ ဖြစ်ကြသော အိမ်ငယ်များကို ခုန်၍ အုပ်တော့မည်ကဲ့သို့ ထင်ရ၏။ အိမ်ငယ်များကလည်း အလယ်ကောင်တွင် မားမတ်နေသော ထိုမြို့ရိုးကြီးများကို ရှိခိုးဦးတိုက် နေကြသကဲ့သို့ ထင်ရလေသည်။

အခန်း(၅)

လေပြည်ကလေးလည်း ပေါက်လာပြန်လေသည်။
" ညီခင်ရေ... နောင်ကြီးဖြင့် အဲဒီ ပဒေသာပင်ကြီးကို လွမ်း...လွမ်းသေးတော့၊ နို့ပေတဲ့ လွမ်း လွမ်းချည်းလည်း မနေချင်တော့ဘူး။ အကျိုးလည်း မထူးဘူး၊ လွမ်းတာ အဖတ်တင်တာပဲ၊ အခုများတော့ နောင်ကြီးဟာ ကွယ်သွားတဲ့ ပဒေသာပင်ကြီးကို အားကျပြီး ကိုယ့်ကိုယ်ကို မလှ လှအောင် ဖြီးလိမ်းပြုပြင်၊ လူအများ အယုတ်အလတ် အမြတ်မရွေး၊ အဝေးက မြင်ရအောင် ကောင်းကင်ကနေပြီး ကိုယ့်အလှကို ပြနေတော့တာပဲ၊ မျက်စိအလင်းကွယ်ကြတဲ့ လူတွေကလွဲရင် နောင်ကြီးကို ကြည့်ချင်လျက်နဲ့ မမြင်နိုင်ဘူးလို့ ဘယ်သူက ပြောမလဲ။ ကိုင်း...ကိုင်း၊ နောင်ကြီးကို မငေးလွန်းနဲ့၊ မချစ်လွန်းနဲ့၊ မလွမ်းလွန်းနဲ့၊ မအံ့သြလွန်းနဲ့။ ဟိုမှာ ကြည့်စမ်း...ကြည့်စမ်း"
လေပြည်လည်း ရပ်သွားပြန်သတည်း။

အခန်း(၆)

ဒီတစ်ခါတွင် ဘာယာပြည်ရှိ မြို့ရိုးအတွင်းက နန်းပြာဿဒ်များနှင့်တကွ မြို့ရိုး အပြင်ဘက်ရှိ အိမ်ငယ်တို့မှာ မည်းနက်သောသဏ္ဍာန် ရှိကြလေသည်။ တိတ်လည်း တိတ်ဆိတ်လျက် ရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် အချိန်မှာ သန်းခေါင်အချိန် ဖြစ်သောကြောင့်တည်း။
သို့သော် သန်းခေါင်အချိန် ရောက်နေလျှင် မိုးဖြင့် လင်းခါနီးပေပြီ။
သန်းခေါင်ထက်ဖြင့် ညဥ့်မနက်တော့ဘူးဟု ဆိုရိုးစကား ရှိခဲ့သော်လည်း သန်းခေါင်ကျော်လျှင်မူကား နက်သောညဥ့်သည် အနက်လျော့၍ လာရမြဲတည်း။ အနက် လျော့လာလျှင် အလင်းဘက်က တဖြည်းဖြည်း အားတက်လာရပေမည်။ အလင်းဘက်က အားတက်လာလျှင် ကြက်ဖကြီးလည်း အညောင်းဖြေကြသည့်အနေနှင့် တောင်ပံနှစ်ခုကို ရိုက်နှက်လျက် လည်ပင်းများကို အစင်းသား ထား၍ တွန်မြည်တတ်သော အချိန်လည်း နီးလာပေမည်။
များမကြာမီတွင် တောတွင်းရှိ သစ်ပင်ကိုင်းများပေါ်တွင် အိပ်တန်းတက်ကြသော တောကြက်ဖကြီးများ၊ ဘာယာပြည်တွင်းရှိ အိမ်ခေါင်စွန်းများပေါ်တွင် အိပ်တန်းတက်ကြသော မြို့ကြက်ဖကြီးတို့သည် တဖြည်းဖြည်း လင်း၍လင်း၍ လာသော ရောင်နီက နှိုးဆော်သောကြောင့် အစကနဦးကပင် ပြိုင်တူ တွန်မည်ဟု စည်းဝေးဆုံးဖြတ်ထားသည့်ပမာ တစ်ပြိုင်တည်း တွန်ကြလေသည်။ ထိုအခါ တောတွင်း၊ ဘာယာပြည်တွင်းတို့မှာ ကြက်သံဖြင့် သဲသဲညံလျက် ရှိကြလေသည်။ ကြက်သံတွေ ဆူပြီးလျှင် ကျီးသံတွေ ဆူညံလာသည်။ ကျီးသံတွေ ဆူပြီးလျှင် လူသံတွေလည်း ဆူညံလာကြပေသည်။ အရှေ့ဘက်က ရောင်နီလည်း ပေါ်ထင်လာပြီးလျှင် ပြန်၍ပင် မှိန်သွားလေပြီ။




ဆက်လက်ဖော်ပြပါမည်။


၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ-ဧပြီ-ဇွန်-ဇူလိုင်။ တိုးတက်ရေးမဂ္ဂဇင်း မှာ ဆရာဇော်ဂျီ ရဲ့(၄)လရေး အခန်းဆက်ဝတ္ထုရှည်ကို ၏/သည် မရွေး ပြန်တင်ထားတာပါ။ ဆရာရဲ့ စာအုပ်ကလေးကို ပြန်ဖတ်ရတော့ ဆရာရဲ့ စာအရေးအသား၊ စကားလုံးအသုံးအနှုန်း နှင့် ဆရာပြောချင်တဲ့ အခြေအနေကို ပြန်ပြောင်းသတိရ သုံးသပ်မိသွားပါတယ်။ အခုချိန် ဒီလိုအရေးအသားမျိုး၊ ဒီလို အပုဒ် အပိုဒ်ခွဲပုံမျိုး မတွေ့ဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ ဒီဘက်ခေတ်မှာ ရေးတာ မဟုတ်ဘဲ ဒီဘက်ခေတ်ကို ဆရာ ကြိုတင်မြင်ခဲ့သလိုပါပဲ။ ဆရာ ကောင်းရာသုဂတိ လားပါစေ။














စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်