မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label စာစု. Show all posts
Showing posts with label စာစု. Show all posts

Tuesday, October 11, 2011

မေလေးရဲ့ အလွဲများ ၃


--- ကျောင်းက သင်ပြီးတဲ့ စာကို ဖေဖေက အိမ်မှာ ပြန်သင်ပေးပါတယ်။ အင်္ဂလိပ်လိုနားမလည်ရင် ဖေဖေ့ကိုချည်း မေးရတာလေ။ မေမေက မူလတန်းအောင်ထိပဲ နေခဲ့ရလို့ အင်္ဂလိပ်စာ မသင်ခဲ့ရဘူးတဲ့။ အမေရယ် အဖေရယ် ကိုယ်စာကျက်နေရင် ဘေးနားမှာထိုင်လို့။ အဲ့မှာ I - အိုင် / you - ယူ လို့ အသံထွက်ရာမှာ ဖေဖေက အသံထွက်အမှန် ပြန်သင်ပေးတယ်။ ဝိုင်အိုယူ-ယူ= သင်သည်။ ကိုယ်က ဝိုင်အိုယူ = သင်သည် လို့ဆိုတယ်။ ဝိုင်အိုယူ- ယူ လို့ ဆိုတော့ ကိုယ် ဖေဖေ့ကို ပြန်ပြောလိုက်တယ်။ ယူ လို့ တခါ ဆိုပြီးပြီးလို့။း) မေမေကလည်း ဘေးကနေ ထောက်ခံတယ်။ ကလေးက ဆိုပြီးတာ ဟုတ်တာပဲတဲ့။း)

--- မေမေတို့နဲ့ စိတ်ကောက်ပြီး အိမ်ကနေ ထွက်ပြေးပါတယ်။(စိတ်ထဲမှာ ကိုယ့်ကို လိုက်ရှာမလားလို့ပေါ့လေ။ ) ဆယ်နှစ်သမီးက ဝေးဝေးလည်း မသွားတတ်တော့ ရပ်ကွက်တခုကျော်က ဘုန်းကြီးကျောင်းတန်ဆောင်းမှာ သွားနေနေတာလေ။ ဗိုက်ဆာရင် ရေအိုးစင်က ရေသောက်လိုက်။ တန်ဆောင်းက ခုံတန်းလေးပေါ် ထိုင် အိပ်လိုက် လုပ်နေတာ.. ကိုရင်တပါးက မြင်ပြီး ဒကာမလေး ဘာလုပ်နေတာလဲတဲ့ ကိုယ်က လက်အုပ်ကလေးချီပြီး ပြန်ပြောလိုက်တယ်။ ကစားနေတာပါ ဘုရားလို့။ ဘာမှတော့ မပြောတော့ဘဲ ထွက်သွားရော။ ညနေ ငါးနာရီလောက် ဒေါ်ကြီးတို့အိမ်ကို လှည့်ပြန်တာပေါ့။ ဒေါ်ကြီးက သူ့ဆီမလာလို့ မေးတာကို ဖြေရင်း ထမင်းစားပြီး မေမေတို့ဆီ ပြန်လာပါတယ်။ မေမေတို့က သိတောင်မသိပါဘူးတဲ့။ ဒီတိုင်း သွားကစားနေတယ်ထင်တာတဲ့။ ဖြေလိုက်ပုံက ….း( (အဲလိုပီပြင်တာ ကိုယ်က။ စိတ်ကောက်တာ ဘူမှလည်း သိဝူး)း(

--- မေမေက ဒေါ်ကြီးတို့နဲ့ ခရီးထွက်သွားတုန်း ဖေဖေရယ် ကိုယ်တို့မောင်နှမတွေရယ်ချည်းကျန်တာမှာ တစ်ရက် ညပိုင်းမှာ ရပ်ကွက်ထိပ်အိမ်က မီးလောင်ပါတယ်။ ကိုယ်တို့ရပ်ကွက်ကလေးကလည်း အဲဒီထိပ်ဘက်ကပဲ အဝင်အထွက် လုပ်လို့ရတာကလား။ ထိပ်အိမ်မှာဖြစ်တယ်ဆိုတော့ တရပ်ကွက်လုံးပြေးလွှား ညံစီနေတာပေါ့။ ဖေဖေက အိမ်ပြင်ထွက်ကြည့်ပြီး ပြန်ဝင်လာပြီးတော့ သားသမီးတွေကို အိမ်ထဲခန်းမှာ စုထိုင်ခိုင်းတယ်။ ရွှေသွေးဂျာနယ်အထူးထုတ်(အထူကြီး)ကို ကိုယ့်ကိုဖတ်စေပြီး မောင်နှမတွေကို ဖတ်ပြခိုင်းတယ်။ ပြောပြခိုင်းတယ်။ ဖေဖေက မီးသွားကူငြှိမ်းမလို့တဲ့။ ဘယ်မှ မထွက်နဲ့နော်တဲ့။ မှာပြီး သွားတာ။။ နာရီဝက်ကျော်ကျော်မှာ ပြန်လာတယ်လေ။ ပြီးတော့ ရပ်ကွက်လူကြီးရောက်လာပြီး ဖေဖေ့ကိုပြောတယ်။ မင်းနှယ် ကလေးတွေကို အိမ်ထဲထားပြီး သွားတာလည်း သွားပေါ့။ တံခါးကို ပိတ်သွား။ ဂလန့်ထိုးသွားစရာလား။ ကလေးတွေကို ထွက်ချင်လို့မှဖြင့် ထွက်မရ၊ ပြုမရ ဖြစ်နေမှာပေါ့ ဆိုတော့ ဖေဖေက သူတို့ ပြေးလွှားပြီးရှုပ်နေမှာစိုးလို့ပါတဲ့။ ကဲ အဲလို ကိုယ့်ဖေဖေက ကိုယ့်လိုပဲ လွဲတာ။ မီးကလည်း အဲဒီအိမ် တစိတ်လောက်ပဲလောင်ပြီး ဘယ်မှ ထပ်မကူးဘဲ ငြိမ်းသွားလို့ တော်တာပေါ့။ ကိုယ်တို့ အိမ်တွေက (အရင်က အစိုးရတန်းလျား) တွေမို့ တအိမ်နဲ့ တအိမ်ဝါးထရံလေးသာ ခြားတဲ့ အခန်းဖွဲ့သဘောမျိုးလေ။ လောင်မယ်ဆို အတွဲလိုက်ပဲး)

--- သံလွင်ဥယျာဉ်ကို မိသားစုလိုက် သွားလည်ကြတာမှာ ဟိုရောက်တော့ မောင်နှမတွေ လျှောက်ပြေးဆော့ပေါ့။ မောလာရင် မေမေတို့နားလာ၊ အမောဖြေ၊ စားသောက် ပြီးမှ ပြန်ဆော့။ ဖေဖေက ဝင်္ကပါ ပတ်ခိုင်းပါတယ်။ သံလွင်ဥယျာဉ်မှာ ဝင်္ကပါ ဝင်ဆော့ဖို့ ဆိုတာ ရှိတယ်လေ။ ညီမလေးရယ် ကိုယ်ရယ် မောင်လေးရယ် ဖေဖေရယ်ပေါ့။ ဟဟားး။ မျောက်လွှဲကျော် ကိုယ်က လမ်းမတွေ့ရင် အပေါ်က ခုန်ကျော်ပြီး သွားတော့ အလယ်ပန်းတိုင်ကို အရင်ရောက်တယ်။ ပြန်ထွက်ရင်လည်း ထွက်ပေါက်ကို အရင်ရောက်တယ်။ ဖေဖေက ဒီကောင်မလေး တော်လိုက်တာဆိုပဲ ဟဲဟဲ။ ဒီနည်းကို သိရင် မခက်ဘူးမို့လား။း)

--- သချာင်္ကို အခက်ဆုံးအပုဒ်ကနေ စတွက်တတ်ပါတယ်။ အလွယ်ဆုံးဆီ ရောက်လာရင်တော့ ဦးနှောက်က ခုနအခက်တွေကို တွက်ပြီး အားကုန်သုံးပြီးထားလို့ ဘက်ထရီကုန်သွားသလိုမျိုး အဲဒီလွယ်လွယ်လေးဆိုတာတွေကို တွက်လို့ မတတ်တော့ပါဘူး။ အဲဒါ အမြဲတမ်းဖြစ်စဉ်ပါ။ ခုကျတော့ အဲဒီလွယ်လွယ်တွေလည်း မရ။ ခက်ခက်တွေကိုလည်း လက်ရှောင်နေ၇ပါတယ်။ ဒါက ဘာလွဲနေလို့လဲ မသိဘူး။ ဦးနှောက်စစ်ဆေးရေးဆီ သွားရတော့မယ်း)

--- ဟင်းချက်နေတဲ့ ဘွားဘွားဘေးနားထိုင်ပြီး ဟင်းချက်နည်း သင်ခိုင်းပါတယ်။ မေမေက မသင်ပေးပါဘူး။ ကိုယ်ကလည်း စိတ်က ဟိုရောက်ဒီပေါက်ဆိုတော့ အငြိမ်လုပ်ရမယ့် ဟင်းချက်တာမျိုးကို အပြီးမလုပ်မှာ မေမေ စိုးရိမ်ပုံရပါတယ်။ ဘွားဘွားပြောပုံက မြေးက ဘာဟင်းချက်တတ်ချင်တာလဲတဲ့။ ဟင်းချိုလို့။ ဘာလို့တုန်းဆိုတော့ သမီးက ဟင်းချိုပဲ စား၇တော့ ဟင်းချိုပဲ ချက်တတ်အောင် လုပ်ရမှာပေါ့လို့။ (ကျန်းမာရေးအရ ငရုတ်သီးမစားရသဖြင့် ဟင်းချိုနဲ့ အကြော်အလှော်တမျိုးမျိုးသာ စားရပါသည်) အဲဒါနဲ့ ဘွားဘွားက ကဲ ဒီလောက်ဖြစ်လှတာ သင်ပေးမယ်တဲ့။ တကယ်က ဟင်းချိုဆိုတာ ချက်ရ အလွယ်ဆုံးမဟုတ်လား။ သမီး မီးဖိုကို ခုနစ်ပတ် ပတ်ပြီးရင် ချက်တတ်ပြီတဲ့။ ကိုယ်လည်း ပတ်တာပေါ့ ။ (တကယ်ပါပဲ ဘွားဘွားရဲ့ မြေစိုက်မီးဖိုလေးကို ခုနစ်ပတ် ပတ်ပါတယ်) ပြီးတော့ ကိုယ့်ဘာကိုယ် ချက်တတ်ပြီ ထင်လိုက်ပါတယ်းPPPP ။ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီဖြူ၊ ဘာမှထည့်စရာမလိုဘူးနော် ကိုယ်ဟင်းချက်တား) :P

--- အလယ်တန်းအရောက်မှာ ထမီ၊ ရင်ဖုံးဝတ်ရတော့ ထမီကို (အဘွားသင်ပေးထားလို့) ကောင်းကောင်းဝတ်တတ်ပါရဲ့နဲ့ မဝတ်ပါဘူး။ အဘွားရှေ့မှာ ထမီလိုဝတ်ပြီး ကျောင်းရောက်ရင် စာကူးနေလို့ ခုံမှာ ထိုင်နေချိန်ကျ ပုဆိုးလို ခါးပုံစ ထုတ်ပြီး ဝတ်ပြီးသား ဖြစ်နေပြီ။ ဆရာမ စာမေးလို့ လဲ့လဲ့ဝါ တခါ ခေါ်ထတိုင်း အဲဒီပုဆိုးကို ပြန်ပြင်ဝတ်ရပါတယ်။ တခါမှာတော့ သမီး နင်ဒီလိုဝတ်တာ ဘာလို့လဲ မခိုင်လို့လားလို့ မေးပါတယ်။ ချောလဲရောထိုင် စကားလိုပဲ ခေါင်းငြိမ့်လိုက်တယ်။ အဲဒါဆို သူများစရင် ဘယ်လိုလုပ်မလဲ မေးရော။ ဘာဖြစ်ရမလဲ ဆရာမရယ်။ သမီးအထဲမှာ ဒူးလောက်ဘောင်းဘီတို ဝတ်ထားတာပဲလို့ ရင်ကော့ပြီး ဖြေလိုက်တယ် :P

--- ရပ်ကွက်ထဲ ကိုယ်တို့ ကလေးတွေတသိုက် နေ့ခင်းကျ ပြေးလွှားခုန်ပေါက် ကစားကြပြီး ညဘက်ကျ အငြိမ်မနေပါဘူး။ ကတမ်းပွဲတမ်း ကစားပါတယ်။ (အငြိမ့်ကသလိုမျိုးပါ။ ကိုယ်က အဲလိုပဲ ကစားနည်းခေါ်တတ်ပါတယ်။) ငယ်ငယ်တည်းကနေ အသက် ၁၂- ၁၃ လောက်ထိ ကပြီဟေ့ဆို မင်းသမီးလုပ်ရမှ ကျေနပ်တတ်တဲ့ ကိုယ်က ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလာ ပြောင်းလာ “မှုန်ရွှေရည်” သီချင်း တပုဒ်ကိုပဲ ကောင်းကောင်းဆိုတတ် ကတတ်ပါတယ်။ တခြားသီချင်းဆိုခိုင်းကခိုင်းလည်း မရဘူးပဲ။ သံစုံတီးဝိုင်းနဲ့ပေါ့။ အိုးဟောင်း ခွက်ဟောင်းတွေ မနေရပါဘူး။ ည ကတော့မယ်ဆို အဲဒါတွေ အိမ်က ကိုယ်စီသယ်လာကြပြီး ဇာတ်စင်ရှေ့ စီဝိုင်းပြီး ချ၊ တုတ်ချောင်းတွေလည်း အဆင်သင့်တင်ထား၊ မင်းသမီးက အမေထမီကို ရှည်ရှည်လေး ထပ်ဖြစ်အောင် စောင်တထည် ပတ်ထည့်(ခြေထောက်ဖျားနားမှာ ရှည်သွားတယ်လေ) မျက်နှာသုတ်ပဝါအကြီးကို ပခုံးပေါ်တင်၊ မရှိတရှိဆံပင်ကို ဆံထုံးပုံစံ(ထိပ်မှာစုချည်ပြီး ပန်းပန်ထားတာ)လုပ်လို့ “မှုန်ရွှေရည်…ကြိုင်ကာသာ သင်းကြည်…” အရင်အသံထွက်ပြီး ထွက်လာပါပြီ။ (ဘာလွဲနေသလဲသိလား။ မင်းသမီး မျက်နှာချေ၊ ပေါင်ဒါ၊ မိတ်ကပ်၊ သနပ်ခါး မလိမ်းထားပါဘူး။ တီးလုံးမစခင် သီချင်းဆိုပါတယ်။ လူရွှင်တော်တွေ မရောက်သေးဘူးလေ။ အဲဒါမျိုး က ချင်တာ။ က ချင်တာ။ :PPP )

--- နင့်ဒီတစ်ပုဒ်ပဲတတ်လားဆိုရင် လေဘာတီမမြရင်သီချင်း (အငြိမ့်မင်းသမီးနဲ့ စာရေးဆရာ) သီချင်းကို ဟန်ပါပါ ဆိုပါတယ်။ တီးလုံးပြောင်းဖို့လည်း ပြောပါတယ်။ လူပြက်တွေ ပြက်လုံးထုတ်ချိန်မရှိ။ ကိုယ်ချည်း က ချင်နေတာလေ။ (ဘယ်သူငှါးမလဲ ဒီမင်းသမီးကို။။။နော် ဒီခေတ်အတိုင်းဆို မင်းသမီးကခန်းဆို ရစ်လိုက်ကြမှာပဲ။)း)း)း))))))

အလွဲများကို ဆက်တိုက်ရေးမလို့ အကြံ လွဲသွားတာမို့။ ဒီမျှနဲ့ပဲ။ နောက်ထပ် အလွဲများကတော့ ရီစရာမပါတော့ဘူးလေ။ ဘဝအလွဲများဆီ ခပ်ပါးပါး လျှောက်ရပြီမို့။ ဖတ်ရလေးသွားမှာစိုးလို့ >_< ဟဲဟဲ ကျန်းမာပျော်ရွှင်ပါစေ










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Thursday, October 6, 2011

မေလေးရဲ့ အလွဲများ ၂

--- မေမေနဲ့တူတူ ဈေးရောင်းရပါတယ်။ မနက်အစောကြီးထပြီး ဈေးကြီးကို သွားပြီးဝယ်၊ ကိုယ်တို့ ဈေးကလေးမှာ ခွဲစည်းပြုပြီး ပြန်ရောင်းတာပေါ့။ မေမေစည်းနှောင်ပေးလိုက်တဲ့ ကနစိုသီးတွေ၊ မရမ်းသီးတွေကို ခြင်းတောင်းထဲ ထည့် ရွက်ပြီး ဈေးရုံတလျှောက်နဲ့ ရပ်ကွက်လေးတလျှောက် လှည့်အော်ရောင်းတာ…. လှမ်းခေါ်ဝယ်သူတွေက ဟဲ့ နင့်အသီးတွဲတွေက နည်းနည်းလေးပဲ ပါတော့တယ်။ လျှော့ဦးဆိုတော့ ကိုယ်ပြန်ပြောလိုက်ပုံက သင်းတယ်။ မယူချင် မယူနဲ့။ မလျှော့ဘူးလို့း) (အသီးတွဲက နည်းနည်းလေးပဲကျန်မှာပေါ့။ နှစ်လှမ်းသုံးလှမ်းလောက် လှမ်းပြီး ယူကြဦးမလား တခွန်းအော်ပြီးရင် အော်တိုဖြစ်နေတဲ့ ကိုယ့်လက်က ကနစိုသီး တစ်လုံး ဖြုတ်ပြီးသားပဲ ဟဲဟဲ။)

--- ငါး၊ပုဇွန်အပြွန်းတွေ(သူများမယူတဲ့ ငါးအသေးအနှုတ်ငါးစုံတွေ) ပုတ်ပြတ်နှုန်းကို ခေါက်ပြန်ပေးပုံစံနဲ့ ယူရောင်းပါတယ်။ ငါးရောင်းတဲ့သူက သေသွားတဲ့ ငါးတွေ၊ပုဇွန်တွေကို ရွေးဖယ်ပုံနေရင်း သနားနေပြန်ရော။ မေမေကတော့ ပြောသား။ သနားနေရင် နင်တို့ ကျောင်းဘယ်လိုနေမလဲ၊ စားမလဲတဲ့။ မသေသေးတဲ့ ငါးတွေပုဇွန်တွေတော့ မသေသင့်ဘူးပေါ့လို့။။ မေမေက ခေါင်းခေါက်ပါတယ်။ ဘာရမလဲ။ ဈေးနောက်ဖေး ရေနှုတ်မြောင်းထဲကို မသေသေးဘဲ ပါလာတဲ့ ငါး၊ပုဇွန် ပိစိကွေးအရှင်တွေကို ပြန်လွှတ်လွှတ်လိုက်ပါတယ်။ ပြီး ကိုယ့်ထက် နွမ်းပါးပုံရတယ်လို့ ထင်ရတဲ့ မောင်လေးအရွယ် ကောင်လေးတစ်ယောက်ကိုလည်း နေ့တိုင်း ငါး၊ပုဇွန် လက်တဆုပ်စာ(မေမေမသိအောင်) ပေးပေးနေပြန်ပါတယ်။ (ဘယ်သူမှ ခုထိမသိကြဘူးး) ငါးရောင်းသူက မသနားတတ်ဘူးဆိုတာ ဘယ်မှာဟုတ်လို့လဲ နော်း)

--- မေမေက မောင်လေးကို ပေါင်မှာတင်ထိုင်ပြီး ကိုယ်နဲ့ညီမလေးကိုကျတော့ တစ်ခုံပေါ့။ ဖေဖေ့ဆိုက်ကားပေါ်မှာ ထိုင်ကြပြီး ဘွားလေးဆီ မိသားစုလိုက် သွားလည်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား စကားတွတ်ထိုး။ ဟိုဘက်ငေး၊ ဒီဘက်ငေး မပြီးနိုင်ကြဘဲနဲ့ ကိုယ့်လက်မချောင်းက ယားလာပါတယ်။ ကုတ်လို့လည်း မရ။ ညီမလေးလုပ်ပေးတာလည်း မပြေ၊ အယားပြေစေမယ့် နည်းကို တွေ့ပြီ။ ဖေဖေ့ဆိုက်ကားကယ်ရီယာဘီး(ဖေဖေနင်းနေဆဲဘီး)ထဲကို လက်ချောင်းကို ထိုးထည့်လိုက်ပါတယ်။ ကဲ အဆင်ကိုပြေလို့း)။။ တဖြည်းဖြည်း နာလာမှ မျက်ရည်တွေ ပုလဲခ၊ အသံပြဲနဲ့ အော်၊ ဖေဖေက ဘာဖြစ်လဲဆိုတော့ လက် စက်ဘီးထဲမှာလို့ ဖြေတာ။ (ကိုယ့်အဖေမို့ပြောတာမဟုတ်ဘူး။ သူလည်း လွဲတာပဲ) နင်းနေတာ မရပ်လိုက်ဘဲနဲ့ လက်ကို ဆွဲထုတ်လိုက်လေတဲ့။ ထည့်တုန်းက ထည့်ပြီး ထုတ်ဖို့ကျ မရဲဘူး။ ဘာကိုမှန်းမသိကြောက်နေတာ ဟဟားး။ ဖေဖေ ဆိုက်ကားရပ်ပြီး လက်မကို ဆွဲထုတ်တော့ လက်မအဆစ်ရိုးကလေးကိုပါ မြင်နေရပြီ ပွန်းနေတာလေ။ ဘွားလေးဆီ မသွားတော့ဘဲ ဆေးခန်းပြေးရတာပေါ့။ ၇ ချက် ချုပ်ရတယ်။ လက်မအဆစ်ရိုးလေးက ခပ်လွဲလွဲလေး စောင်းနေတယ် ဟဲဟဲး)

--- ဒီထက်အရင် အလွဲက မောင်လေး မမွေးခင်ပေါ့။ မေမေရယ် ညီမလေးရယ် ကိုယ်ရယ် ရုပ်ရှင်သွားကြည့်ကြတယ် ညပွဲ။ ဖေဖေမပါဘူး။ ဖေဖေနဲ့ မေမေ စိတ်တွေ ကွေးကြလို့ ဆိုပဲ။ မောင်လေးကိုယ်ဝန်ကို လွယ်ထားရတဲ့ မေမေနဲ့ ညီအစ်မနှစ်ယောက်သား ရုပ်ရှင်ထိုင်ကြည့်နေတာ… ဘာတွေပြမှန်းမသိဘူး။ အိပ်ငိုက်လာတယ်။ မေမေ့ကိုပြောတယ် အိမ်ပြန်မယ် အိပ်ငိုက်နေပြီဆိုတော့၊ ရုပ်ရှင်ရုံထဲ ခုံတန်းတွေက လူနည်းလို့ရော အလယ်ပိုင်းခပ်ကျကျ ဆိုတာကြောင့်ရော လွတ်နေတော့ ခုံတန်းပေါ်မှာပဲ အိပ်လိုက်ဖို့ပြောပါတယ်။ ရွှေထီးလည်း မဆောင်းရပါဘဲ ဆန်မရှိ အစားကြီးတဲ့ မေလေးက အခြေကြီးပြီး မအိပ်တတ်ပါဘူး။ ဒီတိုင်း ထိုင်ငိုက်တာမှာ ငိုက်ရင်း ငိုက်ရင်း မျက်စိထဲ သံမံတလင်းအခင်းကို အိမ်က အိပ်ရာခင်းမှတ်သွားပါတယ်။ ခုံပေါ်ကနေ ဒိုင်ဗင်ခုန်ဆင်းလိုက်တာမှာ အိမ်ကြမ်းခင်းမဟုတ်တဲ့ သံမံတလင်းနဲ့ ကိုယ့်နဖူးက သွားမိတ်ဆက်၊ သွေးတွေ ထွက်လာပါရော။။။ ဟဟားး မေမေက ကမန်းကတန်း သူယူလာတဲ့ ပဝါနဲ့ သုတ်ပေးတာ မရပ်ဘူး။ ဒါနဲ့ သားအမိသုံးယောက် ရုပ်ရှင်ရုံထဲက ထွက်ကြရတာပေါ့။ မေမေက ဗိုက်နဲ့မို့ ကိုယ်ရယ်၊ ညီမလေးရယ်ကို လက်တဖက်စီ ဆွဲပြီး လမ်းလျှောက်ပြန်တာမှာ… နာပြီး သွေးထွက်နေတဲ့ ကိုယ်က မငိုရပါဘဲ ညီမလေးက အစားငိုပေးပါတယ်။ သူ့ကို မချီလို့တဲ့ ။ ကိုယ်က ကိုယ့်အနာကို ပဝါနဲ့ပိတ်ရင်း မေမေ့ကို ထမီစဆွဲပြီး လျှောက်၊ ညီမလေးကိုတော့ မေမေက ချီလိုက်ရတာပေါ့။ နော်။ သွေးထွက်နေတဲ့ အနာတောင် ဘယ်မှာ နာရမလဲ မသိအောင် လွဲတာ။။။ (ငိုမှ မငိုဖြစ်ဘဲ…..)

--- မေမေနဲ့ဖေဖေက စကားပြောရင် စကားပုံတွေ ပါတတ်တယ်။ ကိုယ်တွေကို ပြောမရရင်လေ။ နင်တို့ကို ပြောရတာ ကျွဲပါးစောင်းတီး နေသလိုပဲတဲ့။ ကျွဲအပါးမှာ ဘာလို့ စောင်းသွားတီးတာပါလိမ့်လို့ပဲ တွေးမိပါတယ်။ ဖေဖေပြောတာကို မနာဘူး လုံးဝ။ အလုပ်လုပ်ရင် ကောင်းကောင်းလုပ်ကြ။ ဘဲချေးပန်းသလို မလုပ်ကြနဲ့တဲ့။ ဖေဖေ ဘဲတွေ ချေးပါတာကိုတောင် သေချာကြည့်ထားတာပဲလို့ ထင်ပါတယ်။ မနာဘူး။ မေမေက ခိုင်းလိုက်လို့ ကြာနေရင် ပြန်လာတော့ ကြားရမှာက နတ်ကရာ ကျီးမော့ နေတယ်ဆိုတာပဲ။ အမှန်တကယ်လည်း ဟုတ်ပါတယ်။ ဟိုငေး ဒီငေး တွေ့ကရာ စာတွေ လိုက်ဖတ်နေတတ်တာမို့ တခုခုခိုင်းရင် အချိန်က ကြာတာပဲ။ ဒါပေမယ့် တလွဲတွေးတတ်တဲ့ မေလေးလေ။ မေမေ့ကို ပြန်ပြောလိုက်တယ်။ ကျီးက ဘယ်လို မော့မလဲ မေမေရယ်လို့။ သမီးကပဲ မော့ငေးနေတာလို့း)

--- ဆံပင်တိုတိုနဲ့ ရှပ်တွေ အဝတ်များတာမို့ မျက်နှာဆင်တဲ့ မောင်ဝမ်းကွဲနဲ့ အမွှာလား မေးခံရပါတယ်။ ခုန်ပျံကျော်လွှား သစ်ပင်တက်၊ စွန်လွှတ်၊ ဂျင်ပေါက်ကစားတာကိုလည်း ရတာမို့ ခု အဝေးကိုရောက်နေတဲ့ ဦးငယ်တစ်ယောက်က မေမေ့ကို မေးတာက ဘယ်လိုလဲဆိုတော့ အစ်မသားကြီးရော အိမ်ထောင်ကျပလားတဲ့ ကဲ (သူနဲ့က ငယ်ငယ်တည်းက ဝေးနေတာဆိုတော့လေ)

--- ကိုယ်ရှစ်နှစ်ကိုးနှစ်လောက်မှာ အဘိုးက ဒီဘက်ကို ခရီးထွက်လာမှာမို့ မြေးတွေ ဓါတ်ပုံရိုက်ခိုင်းပါတယ်။ ကိုယ်တို့ မောင်နှမသုံးယောက်ရယ် ညီမလေးဝမ်းကွဲ၊ မောင်ဝမ်းကွဲ သုံးယောက်ရယ် ဓါတ်ပုံတိုက်ကို သွားရိုက်ရရော။ ကိုယ်တွေကို တန်းစီရပ်ခိုင်းပြီး တည့်တည့်ကြည့်နေခိုင်းပါတယ်။ ကိုယ်က ခေါင်းတခြမ်းစောင်းနေလိုက်တယ်။ ဓါတ်ပုံဆရာက တည့်ခိုင်းတယ်။ ကိုယ်က မပြင်ဘူး။ ဒီတိုင်းနေနေတာပဲ။ ဘေးမှာညီမလေးက ပြီးဖြီးဖြီးတောင် ဖြစ်နေပြီ။ ကိုယ်က မျက်နှာရှုသိုးသိုးဖြစ်တုန်း၊ ဓါတ်ပုံဆရာကလည်း မပြောတော့ဘဲ ဒီတိုင်းရိုက်လိုက်ပါတယ်။ အမှန်က ကိုယ်က ကင်မရာကို ကြည့်နေတာ။ ဘယ်ထဲက ဘာထွက်လာတာလဲလို့လေ။ သူက ဝေးနေတော့ သေချာမမြင်ရဘူး။ ဒါကြောင့် ခေါင်းစောင်းပြီး အားထည့်ကြည့်နေတာ… ဟဲဟဲ ဒီအတိုင်းပဲ ကင်မရာမဲမဲကိုပဲ မြင်ရပါတယ်။း)

--- ဆံပင်ညှပ်ဆိုင်သွားရင် မေမေက အတိုပဲကြိုက်တာမို့ ဒိုင်ယာနာကေပဲ ညှပ်ပေးပါတယ်။ အဲတုန်းက ဒိုင်ယာနာဆိုတာ ဘာမှန်းမသိဘူး။ လုပ်ပေးတဲ့အတိုင်းနေလိုက်တာပဲ။ တခါ ဆံပင်ကို မညှပ်ဖြစ်ဘဲ ရှည်သွားရော။ မေမေ့ကို ဘိုးဘိုးကလည်း ဆူတယ်လေ။ သမီးမိန်းကလေးတွေကို ဆံပင်တိုပုံစံထားထားလို့ဆိုပြီး။ ဒါနဲ့ ဆံပင်ဆိုင် သွားပြီး အရှေ့လေးကို ပန်းကေ ဆိုလား ကောက်ပေးပါတယ်။ မှန်ထဲကြည့်ကြည့်ပြီး ငိုတာ။ ခေါင်းပေါ် အမှိုက်လာတင်ထားတယ် ဖြုတ်ပေးဆိုပြီးတော့်လေ။ ဒီတော့ကာ နားညီးလွယ်။ စိတ်မရှည်လွယ်တဲ့ မေမေက မခံနိုင်တဲ့အဆုံး ခေါ်ပြီး ဒီပြဿနာကို ရှင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်သွားတာပဲ။ ပေါ့သွားလို့လေ။ ကတုံး တုံးပေးလိုက်တာပါး)

--- ဒုတိယတန်းအရောက်မှာ မေမေက ကျောင်းကို သွားအပ်ထားပြီး တန်းခွဲကို မမှတ်ခဲ့ဘူး။ ကျောင်းဖွင့်ရက်မှာ ကိုယ်နဲ့ညိမလေး ဒိတိုင်း ကျောင်းသွား၊ ညီမလေးကိုတော့ ကိုယ်က အခန်းထိ သွားထားပြိး ကိုယ့်အခန်းကိုတော့ မသိဘူးလေ။ ဟဟား လွယ်အိတ်တစ်လုံးနဲ့ တန်းခွဲ သုံးခုက အတန်းပိုင်ဆရာမတွေဆီ ပြေးပြေးမေးတာ။ ကျောင်းလာအပ်တုန်းက တန်းခွဲစာရင်း မချရသေးလို့ မရေးရသေးရင်းနဲ့ ကိုယ့်နာမည်က ဘယ်တန်းခွဲမှာမှ မပါတာတဲ့။ နောက်ဆုံး တန်းခွဲဘီက ဆရာမကပဲ သမီး ဒီမှာပဲ တက်တော့လို့ ပြောပြီး စာရင်းယူလိုက်ပါတယ်။ ကောင်းလေစွ။ အေ အခန်းစာရင်းမှာ ကိုယ်က ထိပ်ဆုံးဖြစ်ပါလျက် နာမည်မပါသွားတော့ဘူး။ ဘီမှာပဲ အခြေတည်လိုက်ရတယ်လေး)

အလွဲများ ၃ ဆက်ရန်….းP











စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်



Wednesday, October 5, 2011

မေလေးရဲ့ အလွဲများ ၁

--- လောကကြီးထဲ စရောက်မယ်ဆိုတည်းက အလွဲနဲ့ပဲ စတင်ရတာပါပဲ။ မေမေက စနေနေ့တည်းက ဗိုက်နာပါတယ်။ သားဦးမို့ စနေမှာ မွေးမှာလည်း ကြောက်ကြတာပေါ့။ မွေးမလား၊ မွေးမလားနဲ့ သုံးရက်လွန်မြောက် ဗုဒ္ဒဟူးမနက်ရောက်ခါမှ နေတက်စ မှာ မွေးပါတယ်။ (အဲဒါကြောင့် ခေါင်းမာတယ်ဆိုပဲးP)

--- ဘယ်လမှာ မွေးတယ် ထင်ပါသလဲ။ မြန်မာစကားမှာ ရှိတယ်မို့လား ။ “ယောင်္ကျားဝါဆို၊ မိန်းမပြာသို” ဆိုတာ။ ကိုယ်က ဝါဆိုလဆန်းမှာ မွေးပါတယ်။ ကဲ။။။။း)

--- မေ့ကလေး မေ့ကလေးဆိုပြီး (နောင် မေလေးလို့ ဖြစ်လာမယ့်နာမည်) နာမည် မပေးဖြစ်တော့ မွေးစာရင်းလုပ်တော့ မေမေက မရွေးတတ်၊ မမှည့်တတ်၊ အဖေကလည်း အမေသဘောကျဆိုတော့ကာ မေမေ့နာမည် လဲ့လဲ့ဝင်း ဆိုတာမှာ ဝင်းကို ငသတ်၊ ဝစ္စပေါက်ဖြုတ် မောက်ချ ရေးထည့်ပြီး ဝါ လုပ်။ ကိုယ့်နာမည် လဲ့လဲ့ဝါ ဆိုတာ ဖြစ်လာပါတယ်။ (ဘယ်မှာမှ ရှာစရာ မလိုဘူး။ ကိုယ့်နာမည်အတွက်)း)

--- သားယောင်္ကျားလေးလိုချင်တဲ့ မေမေက ကိုယ့်ကို ယောင်္ကျားလေးလို ဆင်ပေးတော့ ဝတ်ရတာတွေက ရှပ်၊ ဘောင်းဘီတွေချည်းပဲ။ ဆံပင်တိုတိုနဲ့။ နားပေါက်ကို(အဘိုးတို့က ဖောက်ခိုင်းလွန်းလို့)ဖောက်ပေးထားပြီး ဘာမှ မပေးဝတ်ထားဘူး။ ကောင်းလေစွ။ ဒါတောင် ဖောက်လွဲလို့ ညာဖက်မှာ နှစ်ပေါက်ဆင့်ဖြစ်နေတယ်။း)

--- ကျောင်းနေအရွယ်ရောက်တော့ ဂါဝန်တွေ ဝယ်ပေးရတော့ ဘဝင်မကျတဲ့ မေမေက ရှပ်အင်္ကျီပုံစံ(ရဲမေယူနီဖောင်းပုံစံပခုံးခံနဲ့)ကို ချုပ်ပေးပြီး စကတ်တိုနဲ့ ပေးဝတ်ပါတယ်။ (ငယ်ငယ်က ကိုးရိုးကားရားကို နိုင်လို့)

--- ညီမလေးနဲ့ မောင်လေး ကို ထပ်ပိုင်ဆိုင်ပြီးတဲ့အချိန်မှာ ကိုယ်က ၆ နှစ်သမီးအရွယ်ရှိပြီမို့ ကလေးမွေးခြင်းဆိုတာကို နည်းနည်း နားလည်လာပါပြီ။ နားလည်တာက ဒီလို…။ ဗိုက်ပူပူထဲကနေ ကလေးလေး မွေးတယ် ဆိုတာပဲ။ ဒီတော့ ဖေဖေ့ကို ပြောတယ်။ မောင်လေးကို ဖေဖေ မွေးပြီး ညီမလေးကို မေမေမွေးတာမို့လား။ ဖေဖေပဲ နောက်မောင်လေးတစ်ယောက် မွေးပေးပါ။ မောင်လေးပဲ လိုချင်တယ် ဖေဖေလို့။ (ဟေ တခွန်းတည်း ပြောပြီး ဖေဖေ ပါးစပ် ဟနေပါရော) ဒါလေးပြောတာ ပါးစပ်ဟစရာလားလို့ အတင်းထပ်ပူဆာ …. ဟဟားးး။ ကိုယ်က နောက်ကနေ ပုဆိုးစဆွဲရင်းလိုက်နေတာကို ဖေဖေ ချွေးထွက်အောင် ပြေးရင်း မေမေကပဲ မွေးနိုင်တာကိုပြောပြပါတယ်။ ဒါဖြင့် ဖေဖေ့ ဗိုက်က ဘာလို့ပူနေတာလဲ မေးလိုက်တာပေါ့။ ဘာရမလဲ….း)

--- မေမေနဲ့အတူ မြို့သစ်က ဘွားလေးဆီ သွားလည်ပြီး ပြန်လာတော့ လိုင်းကားစီး ပြန်လာတော့ ကိုယ်က ဟိုဒီငေးပြီး စိတ်ဝင်စားနေတာပေါ့။ မော်လမြိုင်လိုင်းကားပေါ်မှာကလည်း ရွာတွေဘက်က တက်လာပြီမှဆိုရင်ဖြင့် ကား ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို မွန်လို အော်ပြောတတ်ကြတာဆိုပဲ။ နားထဲ မွန်စကားကို နားရည်မရှိတော့ ဘာတွေလှိမ့်ပြောနေတာလဲ ဆိုပြီး ခေါင်းကို လည်နေတာပဲ။ ဟိုဘက်နားထောင်လိုက် ဒီဘက် နားစွင့်လိုက်နဲ့လေ။ အဲ့မှာ လိုင်းကားမှတ်တိုင်တွေနားရောက်ပြီဆိုရင် စပယ်ယာကို အော်ပြော၊ စပယ်ယာက ပြန်အော်ပြော ပြီးရင် မှတ်တိုင်ရောက်ရင် ကားရပ်၊ ဆင်းကြရတာကလား။

-ဘိုးဘွားပါတယ် ဆိုတဲ့ အော်သံအပြီးမှာ ကားရပ်တော့ အဖိုး အဖွားနှစ်ယောက် ဆင်းသွားတယ်။

-မောင်ငံပါတယ်ဆိုပြီး လူငယ်အစ်ကိုကြီးတစ်ယောက်ဆင်းသွားတယ်။ ခဏနေတော့ - မီးသတ်ပါတယ်တဲ့။ အော်သံအပြီးမှာ ကားရပ်၊ မီးသတ်ဝတ်စုံနဲ့ ဦးကြီးတစ်ယောက် ဆင်းသွားပါတယ်။ (အဲဒီအရွယ်မှာ သတင်းစာဖတ်၊ သူများအိမ်က တီဗီငေးပြီး သက်ဆိုင်ရာ ယူနီဖောင်းတွေကို နည်းနည်း သိနေပါပြီ။)

-ပြီးတော့ အလုပ်သမား ပါတယ်ဟေ့ဆိုပြီး ကားတုံ့ရပ်သွားတာနဲ့ အလုပ်သမားဝတ်စုံပြည့်နဲ့ ဦးကြီးတစ်ယောက် ဆင်းသွားပြန်ပါတယ်။ ကိုယ်တို့ ရပ်ကွက်လေးလည်း သိပ်မကျန်တော့ပါဘူး။ ကိုယ်က ငေးလှည့်ကြည့်ကောင်းတုန်းပေါ့။ အဲဒီမှာ ---- ဒေါ်ခင်ကြည်ပါတယ် ဆိုပြီး မိန်းမကြီးတစ်ယောက် အော်ပါတယ်။ ပြီး ကားရပ်တော့ အဲဒီမိန်းမကြီး(မေမေတို့လောက်ရှိ) ဆင်းသွားတယ်။

---- မေမေ့ကို လှည့်မေးလိုက်တယ်။ မေမေ သမီးတို့ နေတဲ့လမ်းထဲ ရောက်တော့မယ်မို့လားလို့ပေါ့။ မေမေက အင်းလို့ ဆိုတာနဲ့ ဒါဖြင့် မေလေးပါတယ်လို့ အော်လိုက်မယ်လေနော် လို့ မေမေ အလန့်တကြားဖြစ်သွားပါတယ်။ ပြီးတော့မှ ဈေးကလေး ပါတယ်ဆိုပြီး ကားရပ်တော့ ဆင်းပါတယ်။ ကိုယ့်ကို လက်ဆွဲရင်းပေါ့လေ။ ကိုယ်တို့က မင်္ဂလာဈေးရှေ့မှာ နေတာပါ။ ဘယ့်နှယ် ဈေးကလေးလဲ လို့ မေမေ့ကိုမေးတော့ “သမီးရယ်။ ဟိုးးးးတခါ သွားတာ ဈေးကြီး။ ဒါက ဈေးသေးသေးလေးမို့ ဈေးကလေး လို့ ခေါ်နေကြတာပေါ့” လို့ ပြောပြပါတယ်။ ( ဈေးတောင်မှ အကြီးအသေး၊ အမေနဲ့ ကလေးပေါ့လို့ တွေးဖြစ်အောင် တွေးလိုက်ပါသေးတယ်း)

---ဘိုးဘွား = ဘိုးဘွားရိပ်သာ / မောင်ငံ = မောင်ငံရပ်ကွက် / မီးသတ် = မီးသတ်ဌာန / အလုပ်သမား = အလုပ်သမားရုံး / ဒေါ်ခင်ကြည် = ဒေါ်ခင်ကြည် အမျိုးသမီးသားဖွားမီးယပ်ဆေးရုံ တွေပါတဲ့။ မော်လမြိုင်မှာက ကားမှတ်တိုင်က နံပါတ်တွေရှိပေမယ့် မှတ်တိုင်ရှိနေရာက အဆောက်အဦး။ နေရာ စတာတွေကို စွဲပြီး ကားမှတ်တိုင်အမှတ်သညာ ပြုကြပါသတဲ့ ။ မေမေ ရှင်းပြမှ သိတာလေ :PPPP

နောက်များမှ အလွဲများ ၂ ကို ဆက်ရေးပါဦးမယ်ရှင့်။ ကျန်းမာပျော်ရွှင်ကြပါစေ။









စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, February 13, 2010

၉၅ နှစ်ပြည့် အဖေ့မွေးနေ့သို့

အဖေ
ဒီနေ့ဟာ အဖေရှိမယ်ဆိုရင် အဖေ့အသက် ၉၅ နှစ်ပြည့်မွေးနေ့ပါအဖေ။
အဖေ.... အဖေ့ကို သူတို့ဘယ်လိုမေ့မေ့
အဖေမွေးပေးခဲ့တဲ့ အဖေချပေးခဲ့တဲ့ ဒီမျိုးဆက်တွေကတော့ ဘယ်တော့မှ မမေ့ပါဘူးအဖေ။
ဒီနေ့လေးမှာ အဖေ့ကို မကွေးခရိုင် နတ်မောက်မြို့ နယ်လေးတစ်ခုမှာ မွေးခဲ့တာတဲ့။
အဖေ့မွေးရပ်မြေက မြေပုံပေါ်မထင်ရှားပေမယ့် အဖေ့စိတ်ထား၊ အဖေ့သတ္တိကတော့ ကမ္ဘာကျော်ခဲ့တာပါပဲ။
အဖေချပေးခဲ့တဲ့ လမ်းစဉ်တွေပေါ် လျှောက်သူလျှောက် ပျောက်သူပျောက် ဖြစ်နေတုန်းပါပဲ အဖေ။
အဖေက သွေးစည်းစေချင်လို့ သွေးနဲ့ရင်းခဲ့တဲ့ ဒီမြေထဲ အဖေချစ်တဲ့ အဖေ့သားသမီးတွေ နေခွင့် သိပ်မရခဲ့ကြဘူး။ တချို့လည်း မြေထဲကိုရောက်တယ်။ တချို့လည်း လေထဲမှာပျောက်တယ်။ တချို့လည်း ရေခြားနေရတာပါပဲအဖေ။
အဖေက သူ့ကျွန်မခံချင်လို့ တိုင်းတပါးမှာ စစ်ပညာသွားသင်တယ်။
အဖေ့သားသမီးတွေကတော့ ကိုယ့်ကျွန်ကိုယ်ပြန်ခံနေရလို့ တိုင်းတပါးမှာ တံတိုင်းခြားနေနေရတယ်အဖေ။
အဖေက ၁၉၄၇ မှာ လက်ပါးစေတစ်စုကြောင့် ဘဝတပါးပြောင်းတယ်။ အဖေ့သားသမီးတွေက အဖေမရှိတော့တဲ့ ၁၅နှစ်အကြာမှာ တစ်ခါ၊ ၄၁ နှစ်အကြာမှာတစ်ခါ၊ ကြားထဲမှာလည်း စစ်အေးတိုက်ပွဲတွေအခါခါနဲ့ တိုင်းပြည်ကိုခွါ တိုင်းတပါးပြောင်းရတယ် အဖေ။
ခဏခဏမေ့တတ်ကြတဲ့အရာတွေထဲ အဖေ ဘယ်တော့မှ မပါဝင်ပါဘူးအဖေ။
ဘယ်သူမှ တိုက်တွန်းနှိုးဆော်စရာမလိုဘဲ အမြဲတမ်း သတိရနေပါတယ် အဖေ။
ဒီနေ့ဆို အဖေမွေးနေ့ကို ကမ္ဘာ့ကလေးသူငယ်များနေ့ အဖြစ် မှတ်မှတ်ရရ ဖြစ်အောင် ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားပြီးပြီ အဖေ။ ကလေးတွေ သားသမီးတွေကို ချစ်သောအဖေ၊ သားသမီးတွေ ကလေးတွေကို လွတ်လပ်ပျော်ရွှင်စေချင်သောအဖေ၊ အဖေ့အတွက် ရည်စူး ဒီနေ့မှာ အထူးအမှတ်ရစရာတွေ လုပ်ပေးနေကြဦးမှာပါ အဖေ။ ပြီးတော့ အဖေချပေးခဲ့တဲ့ ဒီလမ်းပေါ် မဆုတ်မနစ်လျှောက် အဟုတ်လမ်းဖောက်နေဦးမှာပါပဲအဖေ။ လွတ်လပ်ရေးကို ရှေးရှု၊ အဖေအစပြုခဲ့တဲ့ ဒီစိတ်ဓါတ်တွေလည်း ဆက်လက်ခိုင်မာနေဦးမှာ သေချာပါတယ်အဖေ။
အဖေသာ နောက်တခါ ပြန်လာမယ်ဆို အသေအချာ ပျော်ရင်းမျှော်နေကြမှာက ဟောဒီက သားသမီး။ အဖေ့ကလေးတွေပါပဲ အဖေ။
အဖေ ကောင်းရာသုဂတိလားပါစေ။ ရောက်ရာဘုံဘဝမှာ မွန်မြတ်တဲ့အသက်နဲ့ အဖေ ရှင်သန်နိုင်ပါစေ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Saturday, August 22, 2009

ဦးကံချွန်သို့ အမှတ်တရ ဂါရဝ

မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်တာမို့ ပြန်တင်ပေးရပါတယ်။ IDEA ဟာသလေးပါ။

ဖြည်းဖြည်းလေးပြုံးနော်။
(1)။အတင်း
ဟဲလို ရှယ်လီလား။
အေး မင်းလုပ်ငန်းခွင်အသစ် ဝင်ရတာ အဆင်ပြေရဲ့လား။
ပြေပါတယ်။ ငါ ရောက်ရောက်ချင်း သူတို့က ငါ့ ကြည့်ပြီး အတင်း ပြောကြတယ်ကွ။ ဒါကြောင့် မင်းဆီ
ဖုန်းဆက်လိုက်ရတာ။ ကြည့်ရတာ ခပ်တုံးတုံးတွေပါကွာ။

(2)။ အံ မဝင်လို့
ငါတို့ဆီက မိန်းကလေးတွေ ဘဲလေးအကကိုတော့ ဘာလို့ လိုက်မကကြတာလဲဟင်။
ကျုပ်တို့စရိုက်နဲ့ အံ မဝင်ဘူးလေ။ စကားမှ မပြောရဘဲ။

(3)။ သိတာပေါ့
မောင် မနေ့က ဝယ်ထားတဲ့အားဆေးတွေ မသောက်နဲ့နော်။
ဘာလို့လဲ
ရက်လွန်တွေနဲ့ တူတယ်။
မင်းက ဘယ်လိုလုပ် သိတာလဲ။
ကြောင်လေးကို တိုက်ကြည့်တာ အန်လို့။

(4)။အပြင်းစားရိုက်ချက်
ကောင်လေးက ကောင်မလေးကို
မင်းရဲ့နှုတ်ခမ်းလေးက သိပ်လှတာပဲ။
ဟုတ်လား
ကိုယ့်ချစ်သူရဲ့နှုတ်ခမ်းထက် ပိုချိုမလား မသိဘူး။
ရှင်သိချင်ရင် ကျွန်မချစ်သူကို သွားမေးကြည့်လေ. သူကတော့ သိပြီးနေပြီ။

(5)။လူနာ
လူငယ်ဆရာဝန်လေးရဲ့ ဆေးးခန်းထဲကို အမျိုးသမီးငယ်တစ်ဦးက ဝင်လာပြီး...မိုးကာအက်ျင်္ီကို ချွတ်တယ်။
ပြီးတော့ အပေါ်အင်္ကျံင်္ီကိုချွတ်တယ်။ လက်ကိုင်းသေးသေးလေးနဲ့ အက်ျင်္ီပဲကျန်တော့တယ်။ ဒီတော့ ဆရာဝန်လေးက....
ဘာဖြစ်သလဲ
မျက်စိထဲ ပိုးကောင်ဝင်သွားသလားမသိဘူး ဆရာ။ ခုလု ခုလုနဲ့ အဲဒါကြည့်ပေးစမ်းပါ။

(6)။ကြောက်လွန်းလို့
ရှင် နောက်ထပ် ချစ်သူအသစ်တွေ့နေတယ်ဆို ဟုတ်သလား)))))).
မဟုတ်ပါဘူးကွာ၊ မင်းနဲ့တွေ့ပြီးမှတော့.... ငါ ဘယ်သူ့ကို ထပ် ချစ်ရဲဦးမှာလဲကွာ...:(

(7)။ ယုံ တော် မူ
မောင့်ကိုကြည့်ရတာ ကျွန်မကို အချစ်ပေါ့လာသလိုပဲ။ နောက်ထပ်ချစ်ရမယ့်သူ တွေ့နေပြီထင်တယ်။
မှားနေပြီ။ မင်း မှားနေပြီ။ တွေ့စက ရင်ထဲမှာ အချစ်တွေ အများကြီး။ ခု ချစ်ရင်း ချစ်ရင်း ကုန်လာလိုက်
တာ. အချစ်လက်ကျန်နည်းလာတာ။ ချစ်စရာအချစ်မရှိဘဲ ဘယ်သူ့ကို ထပ်ချစ်ရဦးမှာလဲကွာ...:0


မေလေးတို့ငယ်ငယ်တည်းက ခုထိ ဦးကံချွန်စာတွေကို ဖတ်ရပါတယ်။ ဆောင်းပါး.ကာတွန်းတွေကနေ ရယ်စရာတွေ လိုက်နာစရာတွေ ဆုံးမတာတွေကို ဖတ်ရှုကြဲီးပြင်းခဲ့ရတာပါ။ (၂၀.၈.၀၉)မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကံချွန်ကို ဒီဟာသ စာပိုဒ်လေး အမှတ်တရတင်ရင်း ဂါရဝပြုပါတယ်။ လူသာသေပေမယ့် စာတွေ စေတနာတွေ နာမည်တွေက မသေနိုင်ပါဘူး။ ဦးဦးကံချွန် ကောင်းရာသုဂတိလားပါစေ။

Friday, August 21, 2009

အစ်မထင်းထင်း(သို့)အစ်မမေလေးသို့

ကျွန်မ အစ်မထင်းထင်းကိုရေးတာမို့လို့ ကိုယ့်ကိုယ်ကို ကျွန်မလို့ပဲသုံးပါမယ်။ ကျွန်မ နာမည်အရင်းက လဲ့လဲ့ဝါ ဟုတ်ပါတယ်။ အစ်မလို့သာခေါ်ရတာ ကျွန်မထက်အသက်ကြီးချင်ကြီးနိုင်ပေမယ့် ငယ်ရင်လည်း ငယ်နိုင်ပါတယ်။ ကျွန်မက ထိုင်းနိုင်ငံနယ်စပ်မဲစောထ့်မှာ စက်ရုံ(ကုမ္ပဏီပေါ့လေ)တခုမှာ မြန်မာပြည်နယ်စပ်နဲ့ အနီးဆုံးမှာ အလုပ်လုပ်တာပါ။ အုပ်ချုပ်ရေးပိုင်း၊လုပ်ငန်းလည်ပတ်မှု၊ကြီးကြပ်စီမံရေးပိုင်းရော စာရင်းဇယားပိုင်းပါ ကျွန်မ လုပ်ရပါတယ်။ ကျွန်မ အလုပ်လုပ်ရတာ များပါတယ်။ ဘာလို့ ကျွန်မရဲ့အလုပ်ကိုပြောရလဲဆို ကျွန်မအဲလောက်လုပ်နေရတာမို့ တခြားသောအလုပ်ဖြစ်တဲ့ ဘလော့လည်ခြင်းကို ကျွန်မ သိပ်မလုပ်ဖြစ်ပါဘူး။ လုပ်ငန်းပိုင်း လုပ်ရတာများပေမဲ့ ကျွန်မက ကွန်ပျူတာ.အင်တာနက်.အီးမေးလ်တို့နဲ့ ပက်သက်လာရင် မကျွမ်းပါဘူး။ ဒီအိမ်လေးကိုလည်း ကျွန်မကို သူငယ်ချင်း မောင်နှမတွေက တခုချင်းစီ ပြောပေးရင်းနဲ့ ဆောက်ထားတာပါ။ (ကျွန်မက ဘလော့ဂ်ကို အိမ်လို့ သုံးပါတယ်။အလုပ်လုပ်ရ မောလာတိုင်း ကိုယ်နားခိုရာ အိမ်ကလေးလို့ ကျွန်မ မှတ်ထားလို့ပါ) ကျွန်မ အိမ်ထဲမှာ ရှိတဲ့ အိမ်လေးတွေအပြင် နောက်ထပ်အိမ်တွေကို ကျွန်မ သိပ်မသွားပါဘူး။အချိန်မရှိလို့ပါ။ ဒီအိမ်လေးတွေထဲက အစုံကိုတောင် ကျွန်မ မဖတ်ဖြစ်သေးတာ အများကြီးကျန်ပါသေးတယ်။ အင်တာနက်။မေးလ် တွေကို သိပ်မကျွမ်းတဲ့အတွက် ကျွန်မကို မေမေခေါ်တဲ့မေလေးကိုပဲ ဖွင့်ပါတယ်။ ဂူဂယ်လ်မှာ ရှာရမယ်လို့လည်း မသိခဲ့ပါဘူး။ ဖွင့်လို့ရခဲ့ပေမယ့် ကျွန်မငတုံးက maylay လို့ အင်္ဂလိပ်လိုပဲ ရေးခဲ့တာချည်းပါပဲ။ ကိုယ့်ဖောင့်မှာ မြန်မာစာရေးလို့ရအောင် အစ်မအိမ့်ချမ်းမြေ့ဆီက ပိုစ့်မှာ ပြန်ဖြေထားတာကို သိမှ ပြန်ဒေါင်းလုပ်ဒ် လုပ်ခဲ့ရတာပါ။ ကျွန်မ အင်္ဂလိပ်လိုနာမည်ကိုရေးပေမယ့် အင်္ဂလိပ်လိုလည်း မကျွမ်းပါဘူး။ မြန်မာကျောင်း ၈ တန်းပဲတတ်တာမို့ ဘားဂလစ်ရှ်နဲ့ပဲ ရေးရပါတယ်။ ကိုယ့်အလုပ်တွေနဲ့ကိုယ် အားချိန်ရှားတာမို့ ကိုယ်သွားရောက်လည်ပြီးတဲ့အိမ်တွေမှာ မန့်ရင် maylay လို့သာ မန့်ပြီး လင့်ခ်ချန် မချန် အဲဒါတွေလည်း ကျွန်မ ခုထိ မသိသေးပါဘူး။ မေမေကခေါ်တဲ့ မေလေးကို သူငယ်ချင်းတွေ ခေါ်တိုင်း မေမေခေါ်နေသလို ခံစားရတာမို့ ဒီနာမည်ကို အတော်လေးချစ်ပါတယ်။ အစ်မထင်းထင်းအိမ်ကို ညီမလေးတစ်ယောက်အိမ်မှာတွေ့လို့ သွားလည်ဖြစ်ပေမယ့် ကျွန်မ ဘာမှ မမန့်ခဲ့ပါဘူး။ ကျွန်မ ကိုသားကြဲီးအိမ်ကို သွားတိုင်း maylay လို့ပဲရေးပါတယ်။(ကိုသားကြီးကို အားနာ တောင်းပန်ပါတယ်။ ခဏခဏ ဆွဲထည့်နေကြလို့ပါ)ဘယ်ကိုပဲသွားရေးရေး အဲဒီ maylay ပါပဲ။ အစ်မထင်းထင်းကို တူမှာစိုးလို့ မတူအောင် ရေးတာလည်း မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်က အူတူတူ. မြန်မာလိုပြောင်းရေးလို့ ရတယ်ဆိုတာကို နားမလည်ခဲ့လို့ပါပဲ။ ကျွန်မကိုယ်တိုင် စာအုပ်တွေဖတ်ရင် သူရေးကိုယ်ဝေဖန်. ကိုယ့်ကိုသူပြန်ဆော် အဲဒီစာတွေကို ကျော်ဖတ်ပါတယ်။ စာဖတ်သူအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီပိုစ့်ခေါင်းစဉ်ကို အစ်မထင်းထင်းသို့ ဆိုပြိးရေးရတာပါ။ တခြားသောသူတွေ ကျွန်မအိမ်ကို ရောက်လာရင် ဂျိုးကျိုးနားရွက်ပဲ့အိမ်လေးကိုပဲ ဆောက်နိုင်တဲ့အတွက် လာလည်သူတွေကို အားနာပါတယ်။ ကျွန်မက maylay သာဖြစ်ပါတယ်။ အူတူတူနိုင်ပါတယ်။ ဘာမှမသိ.ဘာမှနားမလည်တဲ့ maylay ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာစကားမှာ နာမည်တူမရှား.လူတူမရှား ဆိုတာရှိပါတယ်။ ပင်လယ်ရေဟာလည်း တစ်ယောက်တည်း သောက်မကုန်ပါဘူးတဲ့။ အစ်မထင်းထင်းပိုသိပါလိမ့်မယ်။ လဲ့လဲ့ဝါ ဆိုတဲ့ နာမည်အရင်းကို ကျွန်မသူငယ်ချင်းသုံးလေးယောက်ကိုပဲ ပြောပြဖူးပါတယ်။ လျှိုထားတာ မဟုတ်ပါဘူး။ ဒီမှာ အလုပ်လုပ်တာ ဒီ လဲ့လဲ့ဝါ နာမည်နဲ့ပါပဲ။ ဒီတမြို့လုံးနီးပါး ကျွန်မကို သိပါတယ်။ ကျန်းမာရေးအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ခုထိ လုပ်ဆဲပါပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကျွန်မ တတ်နိုင်သလောက်လေး လူတွေကို ကူတာပါ။ အစ်မထင်းထင်းက ကျွန်မထက်ပိုတော်ပါတယ်။ (တကယ်လေးစားစွာ ပြောတာပါ) ကိုယ်စွမ်းဥာဏ်စွမ်း အားလုံးနဲ့ ကူနိုင်တာမို့ပါ။ အညတရ ကျွန်မကတော့ ဆေးရုံမှာ ဘာသာပြန်ပေးရုံလောက်ပဲ ကူနိုင်တာပါ။ ပြီးတော့ ကျွန်မ ကိုဗီလိန်ရဲ့အိမ်ကို မသွားဖူးပါဘူး။ မန့်ဖို့ ပိုဝေးပါတယ်။ (ကိုဗီလိန်ကို တောင်းပန်ပါတယ် ထည့်သုံးမိလို့နော်)။ ကျွန်မကို သူငယ်ချင်းတချို့က ပိုစ့်ပြန်တင်ခိုင်းကြတယ်။ ကျွန်မကိုယ်တိုင် စာဖတ်သူဘဝမှာတောင် မနှစ်သက်ခဲ့တာမို့ မရေးခဲ့ပါဘူး။ ဒါပေမယ့် သက်တန့်ချိုအိမ်မှာ အစ်မထင်းထင်းက မန့်ရေးထားတာကို ဖတ်ရတော့ ခုလို ရေးဖြစ်တာပါပဲ။ ကျွန်မ အစ်မထင်းထင်းရဲ့ပိုစ့်ကို သူငယ်ချင်းပြည့်စုံလေးက ပြောမှ သိတာပါ။ မေမေခေါ်တဲ့နာမည်လေးမို့ ကျွန်မ အဲဒီပိုစ့် ဖတ်ပြီးတော့ ငိုတောင်ငိုမိပါသေးတယ်။ ကျွန်မက အင်တာနက်မကျွမ်းတော့ ကျွန်မ ခုထိ ဂူဂယ်လ်နဲ့ရှာနည်း မသိသေးပါဘူး။ ငါ့ကို အထင်လွဲနေတယ်။ မေနာမည်နဲ့ နောက်တစ်ယောက်က နောက်တာနေမှာပါလို့ ကိုယ့်ဘာကိုယ် တွေးခဲ့ပါတယ်။ ကျွန်မတို့တွေ ဘယ်နိုင်ငံကိုရောက်နေနေ ဘယ်နာမည်နဲ့နေနေ မြန်မာပြည်ဖွားတွေချည်းပါပဲ။ ကိုယ့်အလုပ်တွေကို ကိုယ်စီလုပ်ရင်း တွေ့ဖြစ်ဖို့ မသေချာတဲ့ မောင်နှမတွေ ဘဝမှာ သူနဲ့ကိုယ် ဘာမှမဟုတ်ပါလားလို့ ကျွန်မ တွေးထားတတ်သူပါ။ ကျွန်မရဲ့ဒီစာကို အစ်မထင်းထင်းက ရှင်းပြစာ(သို့မဟုတ်) တောင်းပန်စာ(သို့မဟုတ်)ချဲစာ အမျိုးမျိုးယူဆနိုင်ပါတယ်။ ကျွန်မဘက်ကတော့ ဒါ အစ်မထင်းထင်းကို ရှင်းပြတာပါ။ ဒါကြောင့် ဒီခေါင်းစဉ်ကို သို့ လို့ပဲ ရေးထားတာပါ။ လွန်တာရှိရင် ဝန္တာမိပါ အစ်မထင်းထင်း။


ကျွန်မကိုယ်တိုင်မနှစ်သက်ခဲ့တဲ့ စာရေးပုံမျိုးရေးရတာမို့ တခြားသော စာဖတ်သူတွေကိုပါ တောင်းပန်ပါတယ်။ ဘယ်သူတစ်ဥင်္ိးတစ်ယောက်ကိုမှ နစ်နာစေ ဆိုပြဲီး မရှိခဲ့တဲ့ ကျွန်မ စာရေးရတာတော့ စိတ်ရှင်းနေပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ပါစေ (ဒါ ကျွန်မ သုံးနေကျ နှစ်သက်တဲ့ စကားစုလေးဖြစ်ပါတယ်)

Saturday, August 15, 2009

မေလေးလွင်ဆိုတာ

မေလေးလေ အိမ်လည်း ဆောက်ပြီးရော လူက ဘာဆက်လုပ်ရမှန်းမသိအောင် ချွေးတွေပြန်လာတယ်။ ရီလည်းရီချင်နေတယ်။ကိုယ့်ဘာကိုယ် ဆောက်ထားပြီးတော့ လိုအပ်နေတာကိုလည်း ထပ်မလုပ်တတ်ဘူး။ ရေးစရာလည်း အဲလောက်မဟုတ်ဘူး။ ရင်ဘတ်ထဲမှာတော့ ရှိနေတယ်။ မေလေးနာမည်နဲ့လည်း ဖွင့်လို့မရတာနဲ့ သံလွင်မြစ်နားမှာ ကြီးပြင်းခဲ့တဲ့မေလေး၊ မေသံလွင် လို့ရေးတာလည်း မရ။ မေလေးလွင်ပဲ ရတော့ အဲဒီနိမ်းကိုပဲ ရေးလိုက်ရတယ်။ ဧရာဝတီကို သိမ်မွေ့တဲ့သတို့သမီး ဆိုပြီး ဖွဲ့ကြရင် မေလေးက သံလွင်ကို အရိုင်းဆန်ပြီး အကြမ်းတမ်းခံနိုင်တဲ့ လောကဓံကို ခံနိုင်ရည်ရှိတဲ့ မြစ်လို့ဆိုချင်ပါတယ်။ သူလိုရာ ခရီးရောက်ဖို့ ကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်ခဲ့ရတယ်။ ဘာကိုဖြစ်ဖြစ် သူ အစီးဆင်းမပျက် ခံနိုင်ရည်ရှိတယ်။ သူ့ဆီက ရတဲ့ ခွန်အားတွေနဲ့ သူရှိရာဒေသတွေကို အကျိုးပြုတယ်။ မြန်မာပြည်ထဲက မြစ်ဖျားခံတာမဟုတ်ပေမယ့် နွေးထွေးစွာ မကြိုလင့်ထားတဲ့ မြန်မာမြေကို သူ ဖြတ်သန်းရင်း သူ့လမ်းကို သူလျှောက်ခဲ့တယ်။ သူ့နားမှာနေခဲ့တဲ့ မေလေးလည်း သံလွင်လိုမျိုး ခံနိုင်ရည်ရှိဖို့ ကိုယ့်လမ်းကိုယ်ယုံကြည်စွာ လျှောက်ဖို့ .....