ရှေ့ဆက်ဖို့ ခက်နေချိန်မှာ
သူက လည်စင်းပြီး လမ်းခင်းရှာတယ်။
သွားကြရမယ့် ခရီးမှာ
ဖဝါးများစွာ လိုရာရောက်ဖို့
သူ့ဘဝနဲ့ ပေါင်းကူးပေးတယ်။
သိမ့်မွေ့စွာပဲ လျှောက်လျှောက်
ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း
သူ့ကိုယ်သူ ဖြန့်ခင်းလို့
အပြုံးမပျက် ဝပ်စင်းပေးတယ်။
သိပ်ဝမ်းနည်းဖို့ ကောင်းတာက
သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့
လိုရာခရီး ပေါက်ခဲ့ကြတဲ့အခါ
အပြုံးသဲ့သဲ့ နှင့်
ခေါင်းတချက်လောက် ငဲ့ပြီးတော့များ
အသိအမှတ် ပြုလေမလားလို့
အကြိမ်ကြိမ် မျှော်လင့်မိပေမဲ့
နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ
နာကျင်စွာ လက်ခံရမြဲပါလေ။
ပုံကို ကိုမြတ်သူရဲ့ချယ်ရီမြို့တော်မှ ကူးယူပါတယ်။ ပြင်ဦးလွင်မြို့က တံတားပုံလေးလို့ ထင်ပါတယ်။ မေလေးကတော့ တံတားလေးအတိုင်း တစုံတရာက ကိုယ့်ကြောင့် အဆင်ပြေသွားမယ်ဆိုရင် ကျေနပ်ချင်ပါတယ်။လှည့်မကြည့်လည်း ကိုယ့်ကြောင့် အဆင်ပြေသွားရင် တိတ်တိတ်လေးကြည်နူးချင်ပါတယ်။