မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, February 13, 2010

၉၅ နှစ်ပြည့် အဖေ့မွေးနေ့သို့

အဖေ
ဒီနေ့ဟာ အဖေရှိမယ်ဆိုရင် အဖေ့အသက် ၉၅ နှစ်ပြည့်မွေးနေ့ပါအဖေ။
အဖေ.... အဖေ့ကို သူတို့ဘယ်လိုမေ့မေ့
အဖေမွေးပေးခဲ့တဲ့ အဖေချပေးခဲ့တဲ့ ဒီမျိုးဆက်တွေကတော့ ဘယ်တော့မှ မမေ့ပါဘူးအဖေ။
ဒီနေ့လေးမှာ အဖေ့ကို မကွေးခရိုင် နတ်မောက်မြို့ နယ်လေးတစ်ခုမှာ မွေးခဲ့တာတဲ့။
အဖေ့မွေးရပ်မြေက မြေပုံပေါ်မထင်ရှားပေမယ့် အဖေ့စိတ်ထား၊ အဖေ့သတ္တိကတော့ ကမ္ဘာကျော်ခဲ့တာပါပဲ။
အဖေချပေးခဲ့တဲ့ လမ်းစဉ်တွေပေါ် လျှောက်သူလျှောက် ပျောက်သူပျောက် ဖြစ်နေတုန်းပါပဲ အဖေ။
အဖေက သွေးစည်းစေချင်လို့ သွေးနဲ့ရင်းခဲ့တဲ့ ဒီမြေထဲ အဖေချစ်တဲ့ အဖေ့သားသမီးတွေ နေခွင့် သိပ်မရခဲ့ကြဘူး။ တချို့လည်း မြေထဲကိုရောက်တယ်။ တချို့လည်း လေထဲမှာပျောက်တယ်။ တချို့လည်း ရေခြားနေရတာပါပဲအဖေ။
အဖေက သူ့ကျွန်မခံချင်လို့ တိုင်းတပါးမှာ စစ်ပညာသွားသင်တယ်။
အဖေ့သားသမီးတွေကတော့ ကိုယ့်ကျွန်ကိုယ်ပြန်ခံနေရလို့ တိုင်းတပါးမှာ တံတိုင်းခြားနေနေရတယ်အဖေ။
အဖေက ၁၉၄၇ မှာ လက်ပါးစေတစ်စုကြောင့် ဘဝတပါးပြောင်းတယ်။ အဖေ့သားသမီးတွေက အဖေမရှိတော့တဲ့ ၁၅နှစ်အကြာမှာ တစ်ခါ၊ ၄၁ နှစ်အကြာမှာတစ်ခါ၊ ကြားထဲမှာလည်း စစ်အေးတိုက်ပွဲတွေအခါခါနဲ့ တိုင်းပြည်ကိုခွါ တိုင်းတပါးပြောင်းရတယ် အဖေ။
ခဏခဏမေ့တတ်ကြတဲ့အရာတွေထဲ အဖေ ဘယ်တော့မှ မပါဝင်ပါဘူးအဖေ။
ဘယ်သူမှ တိုက်တွန်းနှိုးဆော်စရာမလိုဘဲ အမြဲတမ်း သတိရနေပါတယ် အဖေ။
ဒီနေ့ဆို အဖေမွေးနေ့ကို ကမ္ဘာ့ကလေးသူငယ်များနေ့ အဖြစ် မှတ်မှတ်ရရ ဖြစ်အောင် ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားပြီးပြီ အဖေ။ ကလေးတွေ သားသမီးတွေကို ချစ်သောအဖေ၊ သားသမီးတွေ ကလေးတွေကို လွတ်လပ်ပျော်ရွှင်စေချင်သောအဖေ၊ အဖေ့အတွက် ရည်စူး ဒီနေ့မှာ အထူးအမှတ်ရစရာတွေ လုပ်ပေးနေကြဦးမှာပါ အဖေ။ ပြီးတော့ အဖေချပေးခဲ့တဲ့ ဒီလမ်းပေါ် မဆုတ်မနစ်လျှောက် အဟုတ်လမ်းဖောက်နေဦးမှာပါပဲအဖေ။ လွတ်လပ်ရေးကို ရှေးရှု၊ အဖေအစပြုခဲ့တဲ့ ဒီစိတ်ဓါတ်တွေလည်း ဆက်လက်ခိုင်မာနေဦးမှာ သေချာပါတယ်အဖေ။
အဖေသာ နောက်တခါ ပြန်လာမယ်ဆို အသေအချာ ပျော်ရင်းမျှော်နေကြမှာက ဟောဒီက သားသမီး။ အဖေ့ကလေးတွေပါပဲ အဖေ။
အဖေ ကောင်းရာသုဂတိလားပါစေ။ ရောက်ရာဘုံဘဝမှာ မွန်မြတ်တဲ့အသက်နဲ့ အဖေ ရှင်သန်နိုင်ပါစေ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

7 comments:

  1. ballonlay13/2/10

    အရမ်းကောင်းတယ် မေလေး... ဗိုလ်ချုပ်မွေးနေ့ကို နောင်လာကလေးတွေလဲ အမှတ်ထားနိုင်ကြပါစေ...

    ReplyDelete
  2. သူငယ်ချင်းရေ.... အခုလို တို့တွေရဲ့ လွတ်လပ်ရေး ဖခင်ကြီးအတွက် သူများတွေက အမှတ်တရ လုပ်ပေးနေကြပေမယ့် တို့နိုင်ငံမှာတော့ ဒို့ဗိုလ်ချုပ်ကို မေ့အောင် လုပ်နေကြတယ်။ ဗိုလ်ချုပ်ပုံတွေအစား သူတို့ တိရိစ္ဆာန်ရုပ်တွေ အစားထိုးလို့ ငွေစက္ကူတွေတောင် တန်ဘိုးမရှိကြတော့ဘူး။ သူငယ်ချင်းရဲ့ ဒီပိုစ့်လေးအတွက် လေးစားပါတယ်။

    ခင်မင်လေးစားလျှက်
    နွယ်

    ReplyDelete
  3. ဒီလိုပဲ လက်ဆင့်ကမ်း မျှဝေကြတာ တာဝန်သိတတ်သူတွေရဲ့ တာဝန်တရပ်ပဲ မဟုတ်လား...

    ReplyDelete
  4. မင်းနေဝေး14/2/10

    အမှတ်တရထက် .... အသက်တမျှ ဆွဲကိုင် ထားသင့်တဲ့
    စိတ်တစ်ခုပါ ....

    ReplyDelete
  5. အမှတ်တရလေး လာဖတ်သွားပါတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  6. လာရောက်ဖတ်သွားတယ်နော် ကျနော်တို့ ဆီလည်း လာလည်ပါအုန်း
    www.thebestmanure.org
    tbmstk1@gmail.com

    ReplyDelete
  7. မင်္ဂလာပါ မေလေး ရေ..

    အဖေ ချမှတ်ခဲ့တဲ့ လမ်းစဉ် နဲ့ စိတ်ဓာတ်တွေ သားတို့တတွေ အသက်ရှင်နေသရွေ့ လိုက်နာခံယူ ကျင့်သုံးနေမှာပါ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete