မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, May 6, 2011

အိမ်ပြန်ချင်တယ်

သမီးလက်ကိုဆွဲ

အဖြူအစိမ်းလေးနဲ့ တွဲလို့

အမေ ကျောင်းကို ပို့တော့

ငိုတယ်…. အမေ အိမ်ပြန်ချင်တယ်။

ကျောင်းဝတ်စုံ အသစ်လေးနဲ့ပေမယ့် အမေ့သမီး မပျော်ခဲ့ဘူးနော်။ အမေ့ထမီစကို ဆွဲရင်း မျက်ရည်တွေ နှပ်တွေနဲ့ ဂျီကျနေတဲ့ သမီးကို အမေက တတွတ်တွတ် ချော့နေခဲ့တယ်။ အမေ့သမီးလေး ပျော်သွားမှာပါတဲ့။ သူငယ်ချင်းအသစ်တွေလည်း အများကြီးပဲရမှာတဲ့။ ဟုတ်လို့လား အမေ။ သူငယ်ချင်းအသစ်တွေလည်းရမှာပဲ။ ဆရာမလေးနဲ့ စာတွေ သင်ရမှာပါပဲ။ ပြီးတော့ မုန့်တွေလည်း စားချင်စားရမှာပဲ။ ဒါပေမယ့် အမေ့နားမှာတော့ မနေရတော့ဘူး မဟုတ်လား။ သမီး အိမ်ပဲပြန်ချင်တယ်အမေ။ အမေ့လိုမျိုး သူတို့က သမီးကို ချော့မှာမို့လို့လား၊ သမီးအိပ်ချင်လာရင် ပုံပြောပြမှာမို့လို့လား။ သမီးပူဆာတဲ့အခါ အမေဆိုပြသလို သူတို့က သမီးကို သီချင်းဆိုပြမှာမို့လို့လား။ သူတို့နဲ့တော့ ဆော့တော့ ဆော့ရမှာပေါ့မေမေ။ အမေလုပ်ပေးသလို စက္ကူရုပ်လေးတွေ လုပ်ပေးပါ့မလား။ ဆရာမက သီချင်းဆိုပြချင် ဆိုပြမှာပေါ့။ အမေ့လိုတော့ သမီးကို ပေါင်ပေါ်မှာ မတင်ထားဘူးမို့လား။ အမေ့ … အိမ်ပြန်ချင်တယ်။

ဝမ်းစာရှာ အစုစု

အမေနဲ့ အတူ ပြုရင်း

နေပူရိပ် စပ်ခါး

မနားရသမျှ

ခဏခဏ ပူဆာ

အမေ … အိမ်ပြန်ချင်တယ်။

အမေ့ရင်ဘတ်နဲ့ထပ်တူကျနေတဲ့သမီးက အကြီးပီပီ အမေနဲ့တူတူ မိသားစုအတွက် အလုပ်လေးတွေ လုပ်ရတဲ့အခါ အလုပ်ခွင်က သမီးလို ကလေးလေးအတွက် ဘယ်လို အေးချမ်းနိုင်ပါ့မလဲ။ အမေ့ကိုတော့ သမီး မစဉ်းစားတတ်ပေမယ့် သမီးကတော့ သိပ်မလုပ်ချင်ဘူး အမေ။ သမီးမဆော့ရတော့ဘူး။ နေလည်း ပူနေသေးတယ်။ ကျောင်းသွားချိန်ကိုလည်း အချိန်လုရသေးတယ်။ ဈေးတောင်းရွက်ရလို့ ခေါင်းကလည်း ပူပူထူထူကြီးဖြစ်နေပြီ။ ညနေတိုင်း ရေရောင်းရဖို့ ရေခပ်ရလွန်းလို့ လက်ဖဝါးမှာလည်း ကျွဲပခုံးဆိုလား ဘုထ နေတာပဲ။ ညပိုင်းတွေကျ လက်ဖက်ရည်ဆိုင်မှာ ပန်းကန်အငှားဆေးကူ လုပ်ရဦးမယ်။ ဆေးတာ မစင်ရင် ပြောခံရသေးတယ်။ မနက်လည်း အစောကြီးထပြီး အမေနဲ့တူတူ ဈေးရောင်းဖို့ လုပ်ရတော့ အိပ်ရေးလည်းမဝဘူးအမေ။ ဘာလို့ သမီးတို့လုပ်နေရတာလဲ။ အမေလုပ်နေလို့သာ လုပ်နေရပေမယ့် သမီးတော့ သိပ်မသိဘူးအမေ။ အမေတခုလုပ်တိုင်း ငါဝင်လုပ်ရင် အမေ သိပ်မလုပ်ရဘူးဆိုပြီးပဲ အမေလုပ်သမျှတွေ သမီးဝိုင်းလုပ်ပေးနေတာပါ။ ဒီလိုချည်းတော့ နေပူထဲ ဘယ်နေချင်ပါ့မလဲ အမေရယ်။ အမေနဲ့ တူတူနေရတဲ့ သမီးတို့အိမ်လေးမှာပဲ နေကြရင်ရော မရဘူးလား အမေ။ သမီး အလုပ်တွေနားပြီး အိမ်ပြန်ချင်တယ် အမေ။

ပြန်ချင်လျက် အပြန်ခက်ခဲ့တဲ့
ဒီအချိန် စိတ်ကူးလေး
ရိပ်ရိပ် လူး ထူးတဲ့ ဒီပင်လယ်ထဲ
တက်ကုန်နဲ့ ရွက်စုံဖွင့်
မာနခါးခါးတွေကို
မျက်ရည်နဲ့ ရောချ
ဩချ ရလောက်အောင်လည်း
အမေ့သမီး မောဟ များခဲ့ပါတယ်။

အမေ့နားမှာ ဒီလို နေချင်နေခဲ့တဲ့သမီး အမေ့နားကနေ အဝေးကို လာနေရတယ်နော်။ ပြန်ချင်တယ် ပြန်မယ် စိတ်ကူးရင်းနဲ့ အမေ့ထံပါး အမှာစကားသာ ပါးရင်း သမီး ဒီပင်လယ်ထဲ ကူးခတ်နေခဲ့တာကြာပေါ့။ ဘဝဆိုတာကို တိုက်ပွဲတခုလို တက်အကုန်နဲ့ ရွက်တွေလည်း စုံနေအောင် ဖွင့်ရင်း သမီး တိုက်နေခဲ့တာ။ ငယ်ငယ်ကလိုတော့ ကိုယ့်ရဲ့ အချိန်တွေ အလုခံရတာကို ဝမ်းမနည်းနေဘူးပေါ့။ သမီးရဲ့ မာနခါးခါးတွေက သမီးရဲ့ ဝမ်းနည်းမှုကို အန်တုထားခဲ့တာပဲ။ တရိပ်ရိပ် တိုက်ခတ်နေတဲ့ ဘဝမုန်တိုင်းတွေကို သမီး ကြုံခဲ့ရတာ နည်းတာမှ မဟုတ်ဘဲ အမေရယ်။ အမေရှိတဲ့အိမ်လေးကို ငယ်ငယ်ကလိုမျိုး ပြည့်စုံတယ် မထင်ခဲ့တာ သမီးမှားသလား အမေ။ မိုးရွာရင် သံစုံတီးဝိုင်းလို ကြားနေခဲ့ရတဲ့ မိုးယိုပေါက်တွေကို သမီးမုန်းတယ်။ ဝါးထရံတွေ တစချင်း ပဲ့ပဲ့နေလို့ အပေါက်တွေ ဖြစ်နေတာကို မုန်းတယ်။ နင်းလိုက်တိုင်း တကျွီကျွီမြည်တဲ့ ကြမ်းခင်းထိုးထိုးထောင်ထောင်ကို သမီးမုန်းတယ်။ အလုပ်လုပ်နေရင်း ထမင်းနပ်မှန်အောင် စားဖို့ မရှိနေတာကို မုန်းတယ်။ ကျောင်းသွားရင် ကျောင်းစရိတ်မလုံလောက်တာကို မုန်းတယ်။ လမ်းလျှောက်ရင်း ပြတ်ပြတ်သွားတတ်တဲ့ အမေပြန်ပြန်ချိတ်တွယ်ပေးထားတတ်တဲ့ ပလတ်စတစ်ကော်နဲ့ လုပ်ထားတဲ့ ကော်ဖိနပ်တဂွက်ဂွက်ကို မုန်းတယ်။ ဖိနပ်အသစ်ဆိုတာမျိုးက သမီးမှ သိပ်မဝတ်ခဲ့ရဘဲ အမေ။ အဆုံးစွန် သမီး ကျောင်းမနေရတော့တာကို မုန်းတယ်။ အဲဒီအမုန်းတွေက သမီးကို မောဟတွေ ဖြစ်စေခဲ့တယ်ထင်ပါရဲ့။ မလုံခြုံဘူးလို့ ခံစားရတဲ့အိမ်ကလေးကို အမေ့အတွက် ပြန်ပြင်ပေးဖို့၊ ထမင်းစားချိန်အပြင် ကျန်အချိန်တွေမှာပါ အမေစားချင်တာကို စားနိုင်ဖို့၊ ညီမလေး မောင်လေးတွေ ကျောင်းစရိတ် လောက်ဖို့၊ သမီးစီးခဲ့ရတဲ့ ဖိနပ်မျိုး သူတို့ စီးရမှာစိုးလို့ ပြီးတော့လေ အမေနဲ့တူတူ ညီမလေး မောင်လေးတို့ ပြည့်စုံ ပျော်ရွှင်ဖို့ ဆိုတဲ့ လောဘတရားတွေနဲ့ သြချရလောက်အောင် သမီး မောဟ များနေခဲ့တာပါမေမေ။

ခေါင်းမငုံ့စတမ်း အန်တု
ရန်ပြုစရာတွေကိုလည်း
မာန် မနုနေဘဲ ပြန်ရှုနေခဲ့ဖူးတယ်။

အမေ့သမီးက ငယ်ငယ်ကလိုတော့ သိပ်မငိုတတ်ခဲ့တော့ဘူးပေါ့အမေ။ ရေခြားမြေခြားမှာ ဘဝတွေ အဖုံဖုံကို ဆုံတွေ့ဖူးပြီးမှတော့ အမေ့သမီး မနုနွဲ့နေတော့တာ မထူးဆန်းလောက်တော့ပါဘူး။ ဖြတ်စားလတ်လျားတွေ ပေါတဲ့ နေရာမှာ နေနေရလို့လည်း ကိုယ်တိုင် ဖြတ်စားမခံရအောင် ကာကွယ်၊ ဘဝတူတွေအတွက် အန်တုရင်း အမေ့သမီးလေ အရင်က အမေ့နားမှာ တွယ်ကပ်ရင်း လူကြီးတွေ ဟောက်ရုံနဲ့တောင် မျက်ရည်ဝဲတတ်ခဲ့တာကို အိပ်မက်တောင် ဖြစ်နေပါပြီအမေ။ ကိုယ်တိုင် ကြုံခဲ့ရဖူးတဲ့ ဘဝခါးသီးမှုတွေက သမီးကို သင်ပေးလိုက်တာပဲလား။ သေချာတာတော့ အမေ သင်ပေးခဲ့တာပါပဲ။ ဘဝမှာ ရိုးသားတာက တန်ဖိုးအရှိဆုံးဆိုတာ၊ ရှိသင့်တဲ့ မာန ရှိနေဖို့ဆိုတာ၊ သူတပါးအပေါ် အနိုင်ယူလိုစိတ်မထားဘဲ ကိုယ်တိုင်လည်း လွယ်လွယ်နဲ့ အရှုံးမပေးရဘူးဆိုတာ၊ ညီမျှတဲ့ စိတ်ထားကို၊ ပြီးတော့ ရိုးရာယဉ်ကျေးမှုကို၊ ဘာသာတရားကိုင်းရှိုင်းမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းရမယ်ဆိုတာတွေ အမေပဲ သင်ပေးခဲ့တာတွေလေ။ အမေက တခြားအမေတွေလို ပါးစပ်က မပြောတတ်ဘူး။ အမေ့အလုပ်တွေ။ အပြုအမူတွေ၊ အပြောအဆိုတွေကနေပဲ အမေ့ကိုယ်ခွဲတခုဖြစ်တဲ့ သမီးက သိခဲ့ တတ်ခဲ့ရတာပါ အမေ။

ပြန်ချင်လျက် အပြန်ခက်နေတဲ့
အမေ့သမီးလေ.....
ဒီအချိန် အိမ်ကပြင်လေး
နေဝင်ရင် သာယာသံတေး
ကြားမယ်မထင်ဘဲ
နားလည်း မဆင်နိုင်တဲ့ ဒီအဝေးကနေ
အမေ..... အိမ်ပြန်ချင်တယ်။

မျက်ရည်တွေ အိပ်မက်တွေကို ဥပေက္ခာပြုရင်း စမ်းတဝါးဝါးပေမယ့် အားတင်းလမ်းလျှောက်နေဆဲ ဖြစ်တဲ့ အမေ့သမီးလေ ပြန်ချင်လျက်နဲ့ အပြန်ခက်နေတုန်းပါပဲ။ အမေနဲ့တူတူ လျှောက်ခဲ့ရတဲ့ အိမ်ရှေ့က လမ်းကို လွမ်းတယ်။ ညအိပ်ရင် အမေ့ပေါင်ပေါ်မှေးလို့ အမေဆိုပြတဲ့ သီချင်းသံကို လွမ်းတယ်။ ညအိပ်တဲ့အခါ ခြင်ထောင်မရှိဘဲ ဒီတိုင်း စီတန်းအိပ်နေတဲ့ မောင်နှမတွေရဲ့ ခေါင်းရင်းကနေ အမေ ယပ်ခတ်ပေးတတ်တာကို လွမ်းတယ်။ မနက်မိုးလင်းတိုင်းမှာ အမေလုပ်ပေးတတ်တဲ့ ဆီမဆမ်းတဲ့ ပဲပြုတ်ထမင်းကြမ်းကို လွမ်းတယ်။ ကျောင်းသွားခါနီးတိုင်း ဖိနပ်ကို ပြန်ပြန်စစ်ပေးပြီး ပြတ်ခါနီးပြီဆို ပြန်ပြန်ချုပ်ပေးတတ်တဲ့အမေ့လက်ရာ ဖိနပ်လေးကို လွမ်းတယ်။ အမေနဲ့ တူတူ ရှိခဲ့တဲ့ သံစုံမြည်အိမ်ခေါင်မိုးလေးကို လွမ်းတယ်။မနက် ဘုရားရှိခိုးတိုင်းမှာ အမေ့ကိုပါ ရည်မှန်းကန်တော့ပြီး ဒီအချိန်ဆို အမေ ဘာလုပ်နေပြီလဲ ထပြီလား နေကောင်းရဲ့လား အဆင်ပြေမှာပါလို့ တွေးနေရင်းနဲ့လေ.. ပြီးတော့လေ အမေ… အမေ့ကို အမေ့ကို အမေ့ကို လွမ်းတယ်။ သမီး အိမ်ပြန်ချင်တယ် အမေ။








စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

6 comments:

  1. ဖြစ်ပြီးခဲ့တာတွေကိုပြန်ပြီးခံစားလို့စိတ်မကောင်းဖြစ်နေမယ့်အစားလက်ရှိဘဝ
    နဲ့လာမယ့်အနာဂတ်ကိုပျော်ရွှင်စွာဖြတ်သန်းကြပါစို့နှမတော်လေးရေ

    ReplyDelete
  2. ဟုတ်ပနော်။။။
    အိမ်ပြန်ချင်တယ်။။။။။။။။။။။။။။။။။။။

    ReplyDelete
  3. မမမေလေးရေ ဟင့်ဟင့် ငိုချင်လယ် ...ညလေးလဲ ပြန်ချင်လာပြီ:):)
    အဟီးးး သင်တန်းလေးကြောင့် ပုံမှန်မရောက် ဖြစ်ပေမယ့် သတိတရ ရှိနေတာပါ မမ။ ကောင်းသောနေ့လေးဖြစ်ပါစေ.

    ReplyDelete
  4. လွမ်းလာပြီ

    ReplyDelete
  5. စာရေး အရမ်းကောင်းတယ်နော်... တကယ်ပဲ အိမ်ပြန်ချင်လာပြီ...

    ReplyDelete
  6. အိမ်နဲ့ဝေးနေသူများ အားလုံး အိမ်အမြန်ပြန်နိုင်ကြပါစေမေလေးရေ။
    တို့လည်း အိမ်ကိုလွမ်းနေတဲ့သူမို့ ကိုယ်ချင်းစာမိပါတယ်

    ReplyDelete